တီမိုဗာနာရဲ့ ဖွင့်ဟစကား
ချဲလ်ဆီးမှာ အနာဂတ် မတည်မငြိမ်ဖြစ်နေတဲ့ တိုက်စစ်ကစားသမား တီမိုဗာနာက သူ့အနေနဲ့ လက်ရှိအချိန်မှာ ပျော်ရွှင်နေသလို ဘယ်နေရာမှာမဆို ပျော်ရွှင်အောင်နေနိုင်တယ်လို့ ပြောကြားလာပါတယ်။
ဂျာမနီ လက်ရွေးစင် တိုက်စစ်မှုး ကစားသမားဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ အတွက် သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။
လက်ရှိအနေအထားနဲ့ ပတ်သက်လို့ ဗာနာက “ဒါတွေက ပြောရခက်တဲ့ကိစ္စတွေပါ။ အရေးကြီးဆုံးက ကျနော် ပျော်ရွှင်နေတယ်ဆိုတာပါပဲ။ ကစားခွင့်ရတိုင်း၊ ဂိုးသွင်းနိုင်တိုင်း ကျနော် ပျော်ရွှင်ပါတယ်”
“ဒါ သေချာတဲ့ အချက်အလက်တခုပါ။ အဲ့ဒါကြောင့်လည်း ဒါကို ကျနော် ဂရုတစိုက်ရှိပြီး တခြားအရာတွေလည်း ပါလာပါလိမ့်မယ်။ ကျနော်က ဘယ်နေရာမှာမဆို ပျော်ရွှင်အောင် နေနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဂျူဗင်တပ်စ် နောက်ခံလူ ဒီလစ်ဂ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တုန်းကလည်း ဗာနာအပါအဝင် တိုက်စစ်ကစားသမားအချို့ကို အလိုက်ပေးကမ်းလှမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဒီလစ်ဂ်ကိုယ်တိုင်က ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ချင်ခဲ့တာ၊ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ်အကြား အပြောင်းအရွှေ့အတွက် ညှိနှိုင်းမရတာတွေကြောင့် ဗာနာက အခုချိန်အထိ ချဲလ်ဆီးမှာ ဆက်ရှိနေခဲ့ပါတယ်။
ဗာနာဟာ ချဲလ်ဆီးကို ရောက်ရှိလာချိန်တည်းက ရုန်းကန်နေခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မရှိတဲ့ အနေအထားဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကစားသမားအနေနဲ့ အခွင့်အရေးကောင်းရခဲ့ရင် ချဲလ်ဆီးကနေ ထွက်ခွာဖွယ် ရှိပါတယ်။