မန်ယူ ကို အပြတ် ငြင်းနေပေမယ့် ဒီဂျောင် ပြောင်းရွှေ့လိုတဲ့ ကလပ် နှစ်သင်းတော့ ရှိနေ
ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ မန်ယူအသင်းထံ ပြောင်းရွှေ့လိုခြင်း မရှိပဲ အကယ်၍ အသင်းမှ ထွက်ခွါဖို့ အတင်းဖိအားပေးခြင်း ခံခဲ့ရပါက ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေထံကိုသာ ပြောင်းရွှေ့လို နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီဂျောင်ကို ပေါင် ၇၁.၅ သန်းနဲ့ မန်ယူအသင်းထံ ရောင်းချဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပေမယ့် ကစားသမား ကိုယ်တိုင်က မန်ယူအသင်းရဲ့ လက်ရှိ တည်ငြိမ်မှုမရှိဖြစ်နေတဲ့ ကွင်းတွင်း စွမ်းဆောင်ရည်တွေကြောင့် မပြောင်းလိုဘဲ အပြတ် ငြင်းဆန်နေခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ခေါ်ယူပြီးဖြစ်တဲ့ လီဝမ်ဒေါစကီး၊ ရာဖင်ဟာ၊ ကက်ဆီး၊ ခရစ်တီယန်ဆန် စတဲ့ ကစားသမားတွေ ကို လာလီဂါမှာ တရားဝင် မှတ်ပုံတင်နိုင်ဖို့ အသင်းရှိ ကစားသမားအချို့ကို ပြန်လည် ရှင်းထုတ်ရမှာ ဖြစ်တာကြောင့် ဒီဂျောင်ကို အမြန်ဆုံး ရောင်းချနိုင်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။

အစောပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းထံမှ ရရန်ရှိနေသေးတဲ့ လစာကြွေးပြဿနာ တွေကြောင့် ယခုအချိန်အထိ အသင်းသစ်တစ်သင်းထံ မပြောင်းရွှေ့နိုင်သေးဘူးဆိုပြီး ပရိသတ်တွေ သိရှိ ထားခဲ့ကြပေမယ့် စပိန်ထုတ် Sports ရဲ့ အဆိုအရ ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာပဲ ဆက်နေချင် သေးကြောင်း သိရပါတယ်။
အကယ်၍ ဘာစီလိုနာအသင်းကသာ မဖြစ်မနေ ဒီဂျောင်ကို ရောင်းချဖို့ ဆက်လက် တိုက်တွန်းနေပါက ဒီဂျောင် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့မှာ မဟုတ်ပဲ ချဲလ်ဆီး နဲ့ ဘိုင်ယန်တု့ိထံကိုသာ ပြောင်းရွှေ့ခွင့် ရဖို့ အသင်းထံ အသိပေးထားတာ ဖြစ်ပါတယ်။
ဒီဂျောင်ရဲ့ အေးဂျင့် ဖြစ်သူကလည်း ပြီးခဲ့တဲ့ အပတ်ကပဲ ချဲလ်ဆီးအသင်းအား ဒီဂျောင်ကို ခေါ်ချင်တယ် ဆို တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ တိုက်တွန်းထားခဲ့ကြောင်း သိရပါတယ်။