အေဂျက် တိုက်စစ်သမား အန်တိုနီ ရဲ့ အေးဂျင့်ကတော့ မန်ချက်စတာမြို့ကို ရောက်လာပါပြီ
မန်ချက်စတာယူနိုက်တက်ကတော့ နောက်ထပ် အေဂျက်စ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘရာဇီး တောင်ပံ ကစားသမား အန်တိုနီ အတွက် လှုပ်ရှားမှုတွေ စတင်နေပုံရပါတယ်။
The Times သတင်း အဆိုအရ ဘရာဇီးသားရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ဟာ ဒီတစ်ပတ်ထဲမှာပဲ အင်္ဂလန်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
သတင်းတွေက “ အေဂျက်စ်တောင့် ကစားသမား အန်တိုနီရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ဟာ ဒီတစ်ပတ် ထဲမှာပဲ မန်ချက်စတာကို ရောက်ရှိလာပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။ မန်ယူက အေဂျက်စ်မှ ခံစစ်မှုး မာတီနက်ဇ် ကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် အန်တိုနီ အတွက် ဆက်လက် လှုပ်ရှားနေပုံပါ။

ဒေးလီးမေးလ် သတင်းကလည်း “ အန်တိုနီရဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ဂျူနီယာပီဒရိုဆိုက ကြာသပတေးနေ့ ကပဲ မန်ချက်စတာမှာ ဆွေးနွေးမှုလုပ်ဖို့ ရောက်ရှိနေ ” ဆိုပြီး ဖော်ပြသွားပါတယ်။
အေဂျက်စ်ဟာ ဒီနွေရာသီမှာ အဓိက ကစားသမား အားလုံး နီးပါး ဆုံးရှုံးခဲ့တာကြောင့် နောက်ထပ် အဓိက ကစားသမား တစ်ယောက်မှ ထွက်ခွင့် မပေးတော့ဘူးဆိုပြီး သတင်းတွေထွက်နေပေမယ့် မန်ချက်စတာ ယူနိုက်တက် ကသာ ကမ်းလှမ်း လာရင်တော့ လက်မခံပဲနေမှာ မဟုတ်ဘူးလို့လည်း သတင်းတွေက ပြောပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အေဂျက်စ်ဟာ အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၃၈ သန်းထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
နယ်သာလန် ကလပ်ဟာ အန်တိုနီနဲ့ ကစားပုံရော၊ ကစားတဲ့နေရာပါတဲ့ ကစားသမားဖြစ်တဲ့ ဖရန်စစ္စကိုကွန်ဆီကာအိုကို ပေါ်တိုကနေ ခေါ်ယူထားပြီး အသင်းဘက်ကကို အန်တိုနီရဲ့ နေရာကို အကောင်းဆုံး ဆက်ခံနိုင်မယ့်သူလို့ ထင်ကြေး ပေးခဲ့ပါတယ်။
အေဂျက်စ် နည်းစနစ် မန်နေဂျာ ဂယ်ရီဟမ်စထရာကလည်း “ ကွန်ဆီကာအိုက နောက်ထပ် ကြယ်တစ်ပွင့်ပါ၊ အန်တိုနီလိုမျိုးပဲ ရွေးချယ်ချင်စရာ ကစားသမားဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဘယ် ကစားသမားမှ ထွက်ဖို့မရှိပါဘူး။ လက်ရှိအချိန်ထိ ကျွန်တော်သိလာတာကတော့ စကားဆိုတာ အကုန်ပြောလို့တော့ မရဘူး ” လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ အန်တိုနီကို အေဂျက်စ်မှာတုန်းက ခေါ်ခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က နည်းပြသာ ကမ်းလှမ်းရင် အိုးလ်ထရက်ဖို့ဒ်မှာ လာရောက်ပူးပေါင်းမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို မကြာသေးမီကမှ ခေါ်ယူခဲ့ပြီး တန်ဟတ်ကိုယ်တိုင်က နောက်ထပ်တိုက်စစ်ကစားသမား တစ်ဦးလိုအပ်သေးကြောင်း ပြောထားပါတယ်။