လီနို ဈေးတည့်ခြင်း၊ ဘရန့်ဖို့ဒ် ရှုံးပွဲမှ အကောင်းမြင်စရာ၊ ဘယ်လာရင်၊ ဆာကာတို့နဲ့ ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

ဘရန့်ဖို့ဒ်နဲ့ ကွင်းပိတ် ခြေစမ်းပွဲမှာ အာဆင်နယ်က ၂-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ထိုပွဲမှာ ကစားသမားသစ် မာကွင်ဟို ပွဲချိန်ပြည့် ပါဝင်ကစားကာ ခြေစွမ်းပြခဲ့တယ် လို့ သိရပါတယ်။

အာဆင်နယ်အသင်းကနေ ထွက်ခွါဖို့ရှိတယ်လို့ သတင်းကြီးခဲ့တဲ့ ပီပီကတော့ လက်ရှိမှာ စိတ်ကူးကို ပြောင်းလဲသွားခဲ့ပြီး အသင်းပြောင်းဖို့ထက် အာဆင်နယ် အသင်းမှာ ဆက်နေပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ ဆန္ဒပြင်းပြ နေတယ်လို့ သိရပါတယ်။

ပီပီကို လိဒ်ယူနိုက်တက်၊ မာဆေးလ်၊ လီယွန်နဲ့ ဆီဗီလာအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လိဒ်က ပီပီကို ခေါ်ဖို့ အလေးအနက်အထားဆုံးဖြစ်နေပြီး အိုက်ဗရီကို့စ်သားကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ချဉ်းကပ် လာနိုင်ပါတယ်။

ဆာကာရဲ့ စာချုပ်သစ်ဟာ အစစအရာရာ ကောင်းမွန်နေပြီး လမ်းကြောင်းမှန်ထက်မှာ ရှိနေကြောင်း နည်းစနစ်ဒါရိုက်တာ အီဒူးက ဖွင့်ဟလာပါတယ်။ မန်စီးတီးက ဆာကာကို ချိန်လာတာကြောင့် အာဆင်နယ်က သက်တမ်းတိုးဖို့ ခပ်သွက်သွက် လှုပ်ရှားနေတာပါ။

မာဆေးလ်အသင်းဟာ အာဆင်နယ်နောက်ခံကစားသမား ဆလီဘာကိုခေါ်ယူဖို့ လက်မလျှော့သေးဘဲ မာဆေးလ် ဥက္ကဌဟာ ဆလီဘာရဲ့အေးဂျင့်ဖြစ်သူနဲ့ ညစာ အတူစားခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဂိုးသမား လီနို အတွက် အာဆင်နယ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း စကိုင်းစပေါ့က ဖော်ပြထားပါတယ်။ ဂန်းနားတို့ဟာ ဂျာမန်သားအတွက် အစောပိုင်းတုန်းက ပေါင် ၁၁ သန်းဝန်းကျင် အလိုရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပေါင် ၈ သန်း ဝန်းကျင်နဲ့ပဲ ဈေးတည့်သွားဖို့ နီးစပ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဘိုဝင်ကိုခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြသလို ဝက်စ်ဟမ်းအသင်းကတော့ ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း ၅၀ ဝန်းကျင်လောက် ရရှိမှ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ရီးရဲလ်ဘက်တစ်အသင်းကတော့ ညာနောက်ခံကစားသမား ဟက်တာ ဘယ်လာရင် အတွက် အာဆင်နယ် ပြောင်းရွှေ့ကြေး လျှော့ချပေးလိမ့်မယ်လို့ အပိုင်တွက်ထားကာ အခုချိန်အထိ ကမ်းလှမ်းလာခြင်း မရှိသေးပါဘူး။ ဘယ်လာရင် ကိုယ်တိုင်က ရီးရဲလ်ဘက်တစ် သွားချင်နေတာကြောင့် ဂန်းနားတို့ အခက်တွေ့ဖွယ် ရှိပါတယ်။