ဆာလီဘာ အတွက် လန်ဒန်ရောက်လာသူ၊ ဒဏ်ရာက ပြန်လာသူများ၊ တောင်ပံတိုက်စစ်နဲ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံကစားသမား ဇင်ချင်ကိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ တောင်ပံတိုက်စစ် ကစားသမားတဦးကို ခေါ်ယူသွားနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ညာ နောက်ခံကစားသမား တာကဲဟီရို တိုမီယာဆုဟာ အသေးစား ကြွက်သားဒဏ်ရာကနေ ပြန်လည် သက်သာ လာခဲ့ပြီဖြစ်တာကြောင့် မကြာခင် အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မှာ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ဖာဘီယို ဗီအဲရာဟာလည်း နောက်တပတ်လောက်ကျရင် လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ပြီလို့ သိရပြီး ဘယ်နောက်ခံကစားသမား ကီရင် တီယာနေး ပြန်လာနိုင်မဲ့ရက်ကတော့ မသေချာသေးပါဘူး။
နည်းစနစ် ဒါရိုက်တာ အီဒူးကတော့ အာဆင်နယ်အသင်းကို ပြန်လည်တည်ဆောက်နေရာမှာ အဆင့် ၄ နေရာ ရဖို့အတွက်သာ မဟုတ်ဘဲ ဆုဖလားအောင်မြင်မှုတွေကို စိန်ခေါ်နိုင်စွမ်းအပြည့်ရှိတဲ့ အခြေအနေဆီရောက်ဖို့ဖြစ်ကြောင်း ကြုံးဝါးပြောဆိုလိုက်ပါတယ်။
ကွင်းလယ်ကစားသမား တိုင်လီမန်းစ်အတွက် အာဆင်နယ် အပါအဝင် ဘယ်ကလပ်အသင်းဆီကမှ ကမ်းလှမ်းမှု တွေ လက်ခံရရှိထားခြင်း မရှိသေးဘူးလို့ လက်စတာအသင်းက အတည်ပြုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဘယ်လ်ဂျီယံသားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူထားနိုင်ပေမဲ့လည်း တရားဝင် ကမ်းလှမ်းမှု မလုပ်ထားသေးပါဘူး။

မာဆေးအသင်း ဥက္ကဋ္ဌ လွန်ဂိုရီယာက အာဆင်နယ် နောက်ခံလူ ဆာလီဘာကို ခေါ်ယူနိုင်ဖို့အတွက် လန်ဒန်မြို့အထိ ရောက်လာခဲ့ပြီး အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးခဲ့ပါတယ်။ လိုကွန်ဂါဟာ ဆာလီဘာရဲ့အေးဂျင့်ဖြစ်သူနဲ့ ညစာစားခဲ့ပြီး ဆာလီဘာကို ခေါ်ယူရေး လက်မလျှော့သေးပါဘူး။
အာဆင်နယ်အသင်းရဲ့ ဗဟိုနောက်ခံလူ ပါဘလို မာရီကို တူရကီကလပ် ဖာနာဘာချီအသင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းကလည်း စပိန်သားကို လက်လွှတ်သွားလိုနေပြီး ပေါင် ၄ သန်းဝန်းကျင်နဲ့ မဖြစ်မနေ အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ တရာသီအငှားကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေကြောင်းလည်း တူရကီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။