ပေါင် သန်း ၇ဝ တန် ခံစစ် ပစ်မှတ်သစ်၊ လာချင်နေတဲ့ ဒီဂျောင်၊ ဂျွန်ဆင် သတိပေးမှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

လက်စတာအသင်းဟာ ချဲလ်ဆီး စိတ်ဝင်စားဟန် ပြသလာတဲ့ ခံစစ်မှုး ဖိုဖန်နာ အတွက် ပေါင် သန်း ၇ဝ အောက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ လေသံပစ်ထားပါတယ်။

ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ ယခုနွေအတွင်း အသင်းမှ ထွက်ခွါဖြစ်ခဲ့ရင်တောင် မန်ယူအသင်းထံ ပြောင်းရွှေ့မှာ မဟုတ်ပဲ ချဲလ်ဆီးအသင်းထံကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆီဗီလာနောက်ခံလူ ကွန်ဒီကို ခေါ်ယူဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် အင်တာမီလန် အသင်းနောက်ခံလူ ဒမ်ဖရိုင်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသလာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် ကွန်ဒီကို ခေါ်ယူဖို့ အပြိုင်ကြိုးစားနေတဲ့ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်ကိုလည်း ချဲလ်ဆီးအသင်းက စိတ်ပျက် ဒေါသထွက်နေပြီး အသင်းနောက်ခံလူ အလွန်ဆိုနဲ့ အက်စ်ပလီကွီတာတို့ ၂ ယောက်စလုံးကိုလည်း ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခွင့် ပိတ်ပင်ထားကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က လူငယ်တိုက်စစ်မှူး ဘရိုဂျာကိုရောင်းမယ်ဆိုရင် နည်းပြတူချယ်အနေနဲ့ နောင်တ ရမှာဖြစ်ကြောင်း၊ ဘရိုဂျာလို ကစားသမားကို ပေါင်သန်း ၃၀ နဲ့ ရောင်းမဲ့အစား အသင်းမှာသာ ဆက် ထိန်းသင့်ကြောင်း၊ ဘရိုဂျာဟာ ပရီးမီးယားလိဂ်ရဲ့ ခမ်းနားတဲ့ တိုက်စစ်မှူးမဖြစ်လာနိုင်ပေမဲ့ အဆုံးသတ်ကောင်းသူ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

အသင်းလက်မဲ့ဖြစ်နေတဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းကြီး ဒီယေဂို ကော်စတာဟာ လာလီဂါကလပ် ရေယို ဗလက်ကာနို အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ သဘောတူညီမှုရဖို့လည်း အခြေအနေ ကောင်းနေပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ် ရောင်းထုတ်လိုနေတဲ့ တိုက်စစ်မှုး တီမိုဗာနာ ကို ခေါ်ယူဖို့ လိုက်ပ်ဇစ်၊ နယူးကာဆယ် နဲ့ ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။