သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲဖြင့် ဂျာမာန်ဖလားကို လက်လွတ်လိုက်ရတဲ့ ဘိုင်ယန်

ဂျာမန်ပိုကယ်ဖလား ဒုတိယအဆင့်မှာတော့ မိုချန်ဂလာဘတ်က ဂိုးတွေ အမြူးလွန်နေတဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်ကို အိမ်ကွင်းမှာ (၅)ဂိုးပြတ်ဖြင့် အနိုင်ယူပြီး ဖလားပြိုင်ပွဲကနေ ဖြုတ်ချခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်ဘက်မှာ လီဝမ်ဒေါ့စကီး၊ မူလာ၊ ဆာနေး၊ ဂနာဘရီ အစရှိတဲ့ ကစားသမားအစုံကို ထုတ်သုံးခဲ့ပေမယ့် မိုချန်ဘက်ကို ဂိုးတစ်ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ဘဲ ကစားသမားအားလုံး ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မိုချန်ဟာ ဘိုင်ယန်ကို ပထမပိုင်းမှာ ၃ဂိုးပြတ်၊ဒုတိယပိုင်းမှာ ၂ဂိုး သွင်းပြီး ခြေစွမ်းပြ အနိုင်ယူခဲ့ပါတယ်။

ဘိုင်ယန်ဟာ ဂျာမန်ပိုကယ်ဖလားတွင် ၂နှစ်ဆက်တိုက် ဒုတိယအဆင့်မှာဘဲ လှည့်ပြန်ခဲ့ရပြီး ဒီရာသီမှာတော့ ဂျာမန်ဖလားသမိုင်းမှာ အဆိုးရွားဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကာ ဖလားတစ်လုံး စောစီးစွာ လက်လွတ်လိုက်ရပြီ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲအတွင်း ၎င်းတို့ရဲ့ နောက်ဆုံးသော ဂိုးအပြတ်ဆုံးပွဲက ၁၉၇၂ ခုနှစ်တုန်းက ကွာတားဖိုင်နယ်အဆင့်မှာ ကိုလုံးအသင်းကို (၁-၅)ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၄၃ နှစ်ဖြစ်တဲ့ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတုန်းက ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ ဒစ်ဆယ်ဒေါ့ဖ်အသင်းကို (၁-၇) ဂိုးဖြင့် အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် (၅)ဂိုးပြတ် အရေးနိမ့်မှုလည်း ဖြစ်လာပါတယ်။

ဘိုင်ယန်မြူးနစ်အတွက်တော့ နောက်ဆုံး (၂၇)နှစ်အတွင်း ပြိုင်ပွဲစုံမှာ ဂိုးအများဆုံးပေးရတဲ့ ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သလို သူတို့အသင်း ဂျာမန်ဖလားပြိုင်ပွဲ ဒုတိယအဆင့်ကနေ (၂) နှစ်ဆက်တိုက် ထွက်ရခြင်းကလည်း ၁၉၉၅-၉၆ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။