ဂိုး ဒါဇင်ဝက် သွင်းပြီး အမ်းမရိတ်ဖလား ယူလိုက်ခြင်း၊ တီမိုဝါနာ၊ နယ်လ်ဆင်၊ အီဒူးစကားနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

ဒီည အမ်းမရိတ်ဖလား အဖြစ် ဆီဗီလာအသင်းကို အာဆင်နယ်တို့ ရင်ဆိုင် ကစားခဲ့ရာ ၆-ဝ နဲ့ အနိုင်ယူပြီး ၆ကြိမ်မြောက် ဗိုလ်စွဲသွားခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ် ကို ဒီနွေမှ ရောက်လာတဲ့ ဂျေးဆု ကတော့ သူ့ရဲ့ ပထမဆုံး အမ်းမရိတ်ပွဲမှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့ပါတယ်။ ဂျေးဆု ဟာ အာဆင်နယ် အသင်း ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သွင်းဂိုး ၇ ဂိုး အထိ သွင်းယူ နိုင်ခဲ့တာပါ။

အာဆင်နယ် အသင်းရဲ့ ဆီဗီလာဘက် နောက်ထပ် သွင်းဂိုး ၃ ဂိုးကိုတော့ ဆာကာ က ၂ ဂိုး ၊ အန်ကီးတီးယား က တစ်ဂိုး သွင်းယူခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲ ကစားရာမှာ ရာနှုန်းပြည့် နိုင်ပွဲ ရခဲ့ပြီး သွင်းဂိုး ၂၀ ၊ ပေးဂိုး ၄ ဂိုးသာ ရှိခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ တတိယ ဂိုးသမား အာသာ အိုကွန့်ဝူး ကတော့ ခရူဝီ အလက်ဇန်းဒရား အသင်းထံ ၂၀၂၃ ဇွန်လ အထိ အငှား နဲ့ ပြောင်းရွှေ့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာအနေနဲ့ ညာတောင်ပံ တိုက်စစ်နေရာအတွက် ကစားသမားသစ် ခေါ်ယူမဲ့အစား လူငယ်ကြယ်ပွင့် နယ်လ်ဆင်ကို အခွင့်အရေးပေးသွားဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်ဟာ အစောပိုင်းတုန်းက ရာဖင်ဟာကို ကြိုးစားခဲ့ပေမဲ့ လက်လွှတ်ခံခဲ့ရတာပါ။

အာဆင်နယ်အနေနဲ့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ တိုက်စစ်မှုး တီမိုဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Defensa Central ကဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ဂျေးဆု၊ အန်ကယ်တီယာတို့ ရှိနေပေမဲ့ တိုက်စစ်ပိုင်းကို အားဖြည့်လို နေသေးကြောင်း သိရပါတယ်။

ပြင်သစ်ကလပ် မာဆေးအနေနဲ့ အာဆင်နယ် ဘယ်နောက်ခံလူ နူနိုတာဗာရက်စ်ကို တစ်ရာသီအငှားစာချုပ်နဲ့ တရားဝင် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ မာဆေးဟာ တာဗာရက်စ်ကို ခေါ်ယူရာမှာ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်း ချုပ်ဆိုထားခြင်း မရှိလို့ လာမဲ့ရာသီမှာ အာဆင်နယ်ကို ပြန်ရောက်လာမှာပါ။

အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လောက်နဲ့ ကျေနပ်နေမှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်ကို သူ့အနေနဲ့ သဘောကျမိကြောင်း၊ ဒါက အာဆင်နယ်မှာ ရှိသင့်တဲ့ စိတ်ထားမျိုးဖြစ်ကြောင်း၊အာဆင်နယ်ဟာ အရင်လို အဆင့်မျိုးကို ပြန်သွားရမှာဖြစ်ကြောင်း ကီဗင်ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။