ပရီးမီးယားလိဂ် ကြယ်ပွင့် တိုက်စစ်မှုးသစ် ဟာလန်းနဲ့ ဒါဝင်နူးညက်ဇ် တို့ကို သုံးသပ်သွားတဲ့ မိုက်ကယ်အိုဝင်

လီဗာပူးလ်အသင်းက ညက ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာစီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မိုက်ကယ် အိုဝင်က ပရီးမီးယားလိဂ်ထံ ဒီနွေ ရောက်လာတဲ့ ကြယ်ပွင့် တိုက်စစ်မှုးသစ် ၂ဦး အကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားခဲ့ပါတယ်။

ဒါဝင် နူးညက်ဇ်နဲ့ အာလင်း ဟာလန်းတို့ ၂ ဦးစလုံးဟာ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့အတွက် အဓိကပြိုင်ပွဲမှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးအတွက် ကောင်းမွန်တဲ့ ပွဲဦးထွက် မဖြစ်ခဲ့ဘဲ ဂိုးသွင်းဖို့ အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နူးညက်ဇ်ဟာ နာကျင်အချိန်ပိုမှာ လီဗာပူးလ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မိုက်ကယ် အိုဝင်က ဟာလန်းရဲ့ အခွင့်အရေးကို အရ ယူနိုင်စွမ်းမရှိတာက ပြဿနာမဟုတ်တဲ့အကြောင်း တွစ်တာပေါ်မှာ သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာလင်း ဟာလန်း အခွင့်အရေးတွေ လွဲချော်ခဲ့တာကို ထားလိုက်ပါ။ အဲဒါက ဖြစ်တတ်ပါတယ်။ သူ ဘယ်လောက် အထိ အားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ် လျင်လျင်မြန်မြန် ပေါ်ထွက်လာလဲဆိုတာကို ကြည့်လိုက်ပါ။ သူသာ ကြံ့ခိုင်မှုပြည့်ဝနေရင် မိုးပြာရောင်ရှပ်နဲ့ ဂိုးဒါဇင်ပေါင်းများစွာ သွင်းယူသွားပါလိမ့်မယ်”

လီဗာပူးလ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ဒါဝင် နူးညက်ဇ်ရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း ဖွင့်ဟပြောဆိုခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးကို လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆာဒီယို မာနေးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

“ကျွန်တော် ပြီးခဲ့တဲ့ရာသီမှာ ဒါဝင် နူးညက်ဇ်ကစားတာကို အများကြီး စောင့်ကြည့်ခဲ့တယ်။ ကျွန်တော် မြင်တွေ့ ခဲ့ရတာတွေကို နှစ်သက်မိခဲ့တယ်။ မာနေး ထွက်သွားတာက ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပေမယ့်လည်း ဒါဝင် နူးညက်ဇ်ထက် ပိုကောင်းမွန်တဲ့ အစားထိုးခေါ်ယူမှု များများစားစား ကျွန်တော် မတွေးမိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေး အများအပြား သိသိသာသာ လွဲချော်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ နူးညက်ဇ်ဟာ ရောဘတ်ဆန်ရဲ့ ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို အီဒါဆန်ရဲ့ ချိုင်းအောက်ကနေ ဝင်သွားအောင် အနီးကပ် ခေါင်းတိုက်ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပွဲပြီးဆုံးခါနီးမှာ ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူနိုင်မယ့် ပိုမိုရှင်းလင်းပြတ်သားတဲ့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ မန်ချက်စတာစီးတီးကြယ်ပွင့်ရဲ့ ကန်ချက်ဟာ မိုးပေါ်ထောင်ပြီး ဂိုးဘားတန်းကိုသာ ထိသွားခဲ့တာဖြစ်ပါတယ်။