ဒီနွေမှာ ကစားသမား ရောင်းတာကနေ မရစဖူး စံချိန်တင် ဝင်ငွေ ရသွားတဲ့ မန်ချက်စတာ စီးတီး

မန်စီးတီးအသင်းဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ စတာလင် ဂါဘရီရယ်ဂျေဇူး ဇင်ချန်ကိုတို့လို ထိပ်တန်းကစားသမားတွေ အပါအဝင် စုစုပေါင်း ကစားသမား(၁၀)ယောက်ကို ရောင်းချခဲ့ခြင်းကနေ ပေါင်(၁၇၄)သန်းအထိ ရရှိခဲ့တာကြောင့် ဒီပမာဏဟာ အသင်းရဲ့ သမိုင်းတလျှောက် စံချိန်တင် ဝင်ငွေ ပမာဏအထိ ဖြစ်လာခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ နွေဈေးကွက်အတွင်း အာလင်းဟော်လန်း ကယ်လ်ဗင်ဖီးလစ်နဲ့ စတီဖန်အော်တေဂါတို့ကို ခေါ်ယူခဲ့ပြီး ဆောင်းဈေးကွက်ကမှ ခေါ်ယူထားတဲ့ ယူလီယန်အဲလ်ဗာရက်ဇ်မှာလည်း အခုနွေမှာပဲ အသင်းနဲ့ ပူးပေါင်းလာနိုင်ပြီဖြစ်လို့ မန်စီးတီးအသင်းဘက်က စတာလင် ဂျေဇူးနဲ့ ဇင်ချန်တို့ အပါအဝင် အသင်းရဲ့ ကစားသမားများစွာကို အသင်းကနေ ပြန်လည် ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား စတာလင်ကို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၄၇.၅)သန်းနဲ့ ရောင်းချခဲ့သလို ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျေဇူးနဲ့ ယူကရိန်း နောက်ခံအစွန်လူ ဇင်ချန်ကိုတို့ကိုတော့ အာဆင်နယ်အသင်းဆီ ပေါင်(၄၅)သန်းနဲ့ ပေါင်(၃၂)သန်းတို့ အသီးသီးနဲ့ ရောင်းချသွားခဲ့ပါတယ်။

ဒီကစားသမား(၃)ယောက် ရောင်းချမှုကနေ ပေါင်(၁၂၄.၅)သန်းအထိ ရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ နောက်ထပ် ကစားသမား ရောင်းချမှုကနေပါ စုစုပေါင်း (၄၉.၅)သန်းအထိကို ဝင်ငွေ ရရှိခဲ့ရပါသေးတယ်။

စတာလင် ဂျေဇူး ဇင်ချန်ကိုတို့ကလွဲပြီး အခြားသော ကစားသမားတွေဟာ မန်စီးတီးအတွက် တစ်ပွဲမှ မကစား ဖူးသေးတဲ့ ကစားသမားတွေ၊ အငှားချထားခံရသူတွေနဲ့ လိဂ်ပွဲတွေလောက်သာ ပါဝင်ခွင့်ရခဲ့သူတွေ ဖြစ်နေတဲ့အပြင် တချို့ ဆိုရင်လည်း မန်စီးတီးမှာ ရှိမှန်းမသိရလောက်တဲ့ သူတွေပါ ပါဝင်နေပေမယ့်လည်း ဒီနွေ ရောင်းချရမှုတွေ အားလုံးပေါင်းကနေ အသင်းသမိုင်းတလျှောက် စံချိန်တင် ဝင်ငွေအထိကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို စံချိန်တင် ဝင်ငွေမျိုး ရရှိခဲ့ပေမယ့်လည်း မန်စီးတီးအသင်းက ဟော်လန်းအတွက် ပေါင်(၅၁)သန်း ကယ်လ်ဗင် ဖီးလစ်အတွက် ပေါင်(၄၂)သန်း အော်စတေဂါကို အလွတ် နဲ့ ခေါ်ယူထားတာဖြစ်ပြီး အဲလ်ဗာရက်ဇ်အတွက်ကိုလည်း ပေါင်(၁၄)သန်းသာ အသုံးပြုထားရတာဖြစ်လို့ ဒီကစားသမား(၄)ဦးအတွက် အသုံးစရိတ်က ပေါင်(၁၀၇)သန်းသာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီအပြောင်းအရွှေ့မှာ အသားတင် ဝင်ငွေက ပေါင်(၆၇)သန်း အထိတောင် ရရှိနေပြီး နဂိုကတည်းက တောင့်တင်းပြီးသား အသင်းကို ဖြည့်တင်းလိုက်တဲ့ ကစားသမားတွေကြောင့် မန်စီးတီးရဲ့ အင်အားက ပိုပြီးတော့တောင် မာကြောလာဖွယ် ရှိနေပါတယ်။