ရွိုင်ကိန်း ဝေဖန်ခံရတဲ့ ဂန်းနား ၂ဦး၊ အိုဒီဂတ်၊ တာဗာရက်စ်၊ ဂျေးဆုကို စည်းရုံးခဲ့သူများနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ကွင်းလယ်ခံစစ် တစ်ဦး လိုအပ်နေတယ်လို့ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ မက်အာဗင်နီက သတိပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းမှာ လုံလောက်မှုရှိတယ်လိ့ု မထင်ကြောင်း၊ ပါတေး ဒဏ်ရာရသွားရင် အာဆင်နယ်က ပြဿနာဖြစ်နိုင်ကြောင်း မက်အာဗင်နီက ဆိုခဲ့တာပါ။
လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘယ်နောက်ခံလူ တာဗာရက်စ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။ တာဗာရက်စ်ရဲ့ အမှားတွေက အာဆင်နယ်ကို ပေးဆပ်မှု ကြီးမားစေခဲ့ကြောင်း ကာရေဂါက ဆိုခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကသူ့အနေနဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် အလွန် ပျော်ရွှင်မိကြောင်း၊ မိမိအပေါ် နည်းပြအာတီတာရဲ့ယုံကြည်မှုကို ရရှိတာ အလွန်ကျေနပ်မိကြောင်း၊ ဒါက သူ့အတွက်ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး ခေါင်းဆောင်မှုကဏ္ဍက အလွန်အရေးပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းက အာဆင်နယ်နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်တို့အတွဲ က ပျော့လွန်းကြောင်း၊သူတို့နှစ်ယောက်အတွဲဟာ တစ်ရာသီလုံး ယုံကြည်လို့မရကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့် နေရာ အတွက် အာဆင်နယ် ရမယ် မျှော်လင့်မထားကြောင်းပါ ၎င်းက ဆိုခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဘာလိုဂန်ကတော့ ပြင်သစ်ကလပ် ရင်းစ်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပြီး ဆေးစစ်မှုပဲ ကျန်တော့တာဖြစ်ပါတယ်။
အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီက သူ့အနေနဲ့ ဘရာဇီးအသင်းမှာ ပူးပေါင်းနေစဉ် အခါတုန်းက ဂျေးဆု ကို အာဆင်နယ်ထံ ပြောင်းရွှေ့လာဖို့ နေ့စဉ်နဲ့အမျှ စည်းရုံးပြောဆိုခဲ့ကြောင်း၊ သူတင်မကဘဲ နောက်ခံလူဂါဘရီရယ်ကလည်း ပါဝင် စည်းရုံးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ဟာ နယ်သာလန် ကလပ် PSV ရဲ့ တိုက်စစ်မှူး ကိုဒီ ဂတ်ပို ကို ခေါ်ယူရေးမှာလည်း ဦးဆောင် နေတယ်လို့ သတင်း ပေါ်ထွက်လာခဲ့ပါတယ်။
လီဗာပူးနည်းပြ ကလော့က ဆီဗီးလ်ကို ၆ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ရဲ့ခြေစွမ်းကို အံ့အားသင့် အထင်ကြီး မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ အသင်းမှာ မသုံးဖြစ်မယ့် ကစားသမားတွေ တစ်ယောက်ချင်းစီကို ရှင်းထုတ်နေပြီး လောလောဆယ် တော်ရဲရား၊ လီနီုတို့ကို ရောင်းထုတ်နိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေပါတယ်။