မန်ယူကို စိတ်သစ် လူသစ်နဲ့ ရှေ့ဆက်ဖို့ တိုက်တွန်းလိုက်တဲ့ ဒါဘီပြိုင်ဘက်ဟောင်း

မန်ချက်စတာ ကလပ်မှာ ကစားသမားဘဝ ဘဝအတွင်း ၁၂၆ ဂိုးသွင်း၊ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ် အောင်မြင်ခဲ့တဲ့ နော်ဝေသားကြီး ဆိုးရှားဟာ အသင်းမှာ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလွန်းတဲ့ အနေအထားမှာ ရှိနေတာကြောင့် ရှုံးနေတဲ့ တိုက်ပွဲ တစ်ပွဲနဲ့ ရင်ဆိုင်နေရတယ်လို့ မီကာ ရစ်ချတ်က ယူဆထားပါတယ်။

“သူ ကလပ်မှာ ဂန္တဝင်ဆိုတဲ့ ဂုဏ်ပုဒ်ဆိုတာကြောင့် ဒီလိုအရာတွေ ကြုံလာရတဲ့အခါ အမြဲတမ်း ခက်ခဲမှာပါ။ ဒါက နည်းပြတဲ့ ပုံစံနဲ့ သက်ဆိုင်တယ်။ တချို့ အရာတွေကတော့ ရယ်စရာကောင်းတယ်၊ တော်တော်ကို အခြေခံကျတဲ့ အမှားတွေ ဖြစ်နေတယ်။ ဘယ်အချိန်မှာ ဖိအားပေးရမယ်၊ ဘယ်အချိန်မှာ ခံစစ် ဆော့ရမယ်ဆိုတာ သူတို့မသိဘူး။ အိုလီက ဘာလုပ်ရမယ် ဆိုတာ မသိတဲ့ပုံပဲ။

သူတို့တွေ ဆိုးရှားကို ထောက်ခံဖို့ လိုတယ်။ ရာသီကုန်အထိသူ သွားလိမ့်မယ် ဒါမှမဟုတ် တစ်ယောက်ယောက် ခေါ်ယူလိမ့်မယ်လို့ ပြောဖို့လိုတယ်။ ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး။

ဒီလိုမျိုး ဂန္တဝင် ဂုဏ်ပုဒ်ရှိတဲ့လူ ဆိုပေမယ့် အခက်အခဲကို ဖြေရှင်းဖို့ လုံလောက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတ မရှိသလို ဖြစ်နေတာကို မြင်ရတာ စိတ်မကောင်းစရာပဲ။ ဒါကို မဖြေရှင်းနိုင်ရင် သူတို့တွေ လူသစ်၊ မူသစ်နဲ့ ရှေ့ဆက်ဖို့ လိုတယ်” လို့ မီကာရစ်ချက် က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အကြီးအကဲတွေဟာ ဆိုးရှားနေရာမှာ အစားထိုးဖို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ အေဂျက် မန်နေဂျာ အဲရစ်တန်ဟက်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီနက်ဒင်း ဇီဒန်းတို့ကို လျာထားတယ်လို့ သတင်းအချို့က ဆိုပါတယ်။