တဲလက်စ်ကို ခေါ်ချင်တဲ့ အသင်းများ၊ ပရိသတ်တွေ ငြိုငြင်ခံရတဲ့ ရော်နယ်ဒိုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ ညနေက ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် အရန်ခုံတန်းမှာ ထိုင်မနေဘဲ တန်းပြန်သွားတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ ဝက်ဖိုဒ့် တို့ကတော့ ယူနိုက်တက် လူငယ်လေး အီသန် လားတ် ကို အငှား စေလွှတ်ဖို့ အတွက် အရှိန်မြှင့် လုပ်ဆောင် နေကြပြီး ရာသီသစ် မစတင်ခင် အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

မန်ယူအသင်းမှာ နေရာရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေတဲ့ ဘယ် နောက်ခံကစားသမား တဲလက်စ်ကို ခေါ်ယူဖို့ အတွက် ပြင်သစ်အသင်းဖြစ်တဲ့ နိုက်စ်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အဲလက်စ် တဲလက်စ် ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဆီဗီးလာ အသင်းကလည်း ပါဝင်လာတယ် လို့ သိရပါတယ်။ တဲလက်စ် ဟာ ယူနိုက်ကတ် နည်းပြသစ် တန်ဟတ် လက်အောက်မှာ ကစားခွင့် နည်းပါးနိုင်ပြီး အသင်းကလည်း ရောင်းထုတ်ဖို့ စိတ်ကူး ရှိနေသူ ဖြစ်ပါတယ်။

ဗယ်လက်ကာနိုနဲ့ ပွဲမှာ ပါဝင်ကစားခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူးကြီး ရော်နယ်ဒိုအပေါ် မန်ယူပရိသတ် တော်တော် များများ က လှောင်ပြောင်အော်ဟစ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အသင်းပြောင်းဖို့ ကြိုးစားနေပြီး အသင်းရဲ့ ရာသီကြိုခရီးစဉ်ကို မလိုက်ပါခဲ့တဲ့အတွက် မန်ယူပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က လာမဲ့ရာသီသစ်မှာ သူ့အသင်းဟောင်း အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရုန်းကန်ရမှာဖြစ်ကြောင်း၊ မန်ယူဟာ လက်ရှိအချိန်မှာ နည်းပြသစ် လက်အောက်မှာ ပြန်လည် တည်ဆောက် ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အီတလီ ဝါရင့်နောက်ခံလူ ချီလီနီက သူ့အသင်းဖော်ဟောင်း စီရော်နယ်ဒိုအနေနဲ့ ရာသီသစ်မှာ ဘယ်အသင်းကိုပဲ ရွေးချယ် ပါစေ ပျော်ရွှင်မှုရဖို့ မျှော်လင့်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မိမိနဲ့ စီရော်နယ်ဒိုတို့ဟာ ဂျူဗင်တပ်မှာ အမှတ်တရ ကောင်းတွေ ရှိခဲ့ကြောင်း၊ စီရော်နယ်ဒိုအနေနဲ့ ဘယ်လိုရွေးချယ်မှုဖြစ်ဖြစ် ပျော်ရွှင်စေဖို့ မျှော်လင့်တယ်လို့ ချီလီနီက ဆိုခဲ့တာပါ။