ဆေးစစ်တော့မယ့် တဲလက်စ်၊ ခမ်းနားစွာ ကြိုခံရသူ ဆွာရက်စ်၊ ကွန်ဒေ ချဲလ်ဆီး အမှားနဲ့ ယနေ့ နံနက်ခင်း သတင်းများ

လက်စတာအသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ကက်စ်ပါ ရှမိုက်ကယ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်ကလပ် နိုက်စ်အသင်းက တရားဝင်ကြေညာလိုက်ပါတယ်။ နိုက်စ်ဟာ ဂျူဗင်တပ် ကွင်းလယ်လူ အာရွန် ရမ်ဆီကို ‌ခေါ်ယူနိုင်ခဲ့ပြီးနောက် နာမည်ကြီး ကြယ်ပွင့်တဦးကို ထပ်မံခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဗယ်လီကာနိုနဲ့ပွဲမှာ ပွဲမပြီးခင်ပြန်သွားတဲ့ စီရော်နယ်ဒိုကို အရေးယူတဲ့အနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းသွားဖို့ ရှိနေပါတယ်။ ရာသီမစတင်ကတည်းက တန်ဟတ်နဲ့ စီရော်နယ်ဒိုတို့အကြား အခြေအနေတင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗဟိုနောက်ခံလူ ဂျရတ် ပီကေးနဲ့ ကွင်းလယ်ကစားသမား ဆာဂျီယို ဘူးစ်ကွက်စ် တို့ကို လစာငွေ အနိမ့်ဆုံး လျှော့ယူပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာက ဒါမှသာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာဖြစ်ပြီး ပီကေးတို့ဘက်က လက်မခံခဲ့ရင်တော့ အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား လီအန်ဒရို ပါရီဒက်စ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့ ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုရဖို့သာ ကျန်တော့ပြီး ပြင်သစ်ထိပ်တန်းကလပ်ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းခန့် အလိုရှိနေပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂါးလက်စ်က ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေးအနေနဲ့ ဆီဗီလာမှ နောက်ခံလူ ကွန်ဒေကို ရအောင်မခေါ်ခဲ့တာ ဒီနွေရာသီမှာ သူ့ရဲ့ ပထမဆုံးအမှားဖြစ်ကြောင်း၊ ကွန်ဒေဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ပြီး ချဲလ်ဆီးအနေနဲ့ ဒီလိုကစားသမားမျိုးကို လက်လွှတ်ခံလို့ မဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဆီဗီလာ အသင်းကတော့ မန်ယူအသင်းရဲ့ ဘယ်နောက်ခံကစားသမား အဲလက်စ် တဲလက်စ်ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ပါတော့မယ်။ ကစားသမားက ‌ဆေးစစ်မှုခံယူပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် စပိန်မြေကို တောင် ရောက်ရှိနေပြီဖြစ်ပြီး မကြာမီမှာ တရားဝင်ကြေညာသွားမှာပါ။ အငှားစာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ဘူးလို့လည်း သိရပါတယ်။

ဥရုဂွေး ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ အသင်းဟောင်း နာစီယွန်နယ်ကို ပြန်လည်ပြောင်းရွှေ့ရာမှာ ပရိသတ်တွေရဲ့ ခမ်းခမ်းနားနား ကြိုဆိုဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ဆွာရက်ဇ်ဟာ သူ့ ကစားသမားဘဝကို၂၀၀၅ ခုနှစ်မှာ နာစီယွန်နယ်နဲ့ စတင်ခဲ့ပြီး ၁၆ နှစ်အကြာမှာ အသင်းဟောင်းကို ပြန်ပြောင်းခဲ့တာ ဖြစ်ပါတယ်။