ဆက်စ်ကို အတွက် ဆွေးနွေးနေခြင်း၊ အငှားထွက် တဲလက်စ်၊ ဒိုလေးကို ဝေဖန်တဲ့ ဆာဟာနဲ့ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ယူက လူငယ်တိုက်စစ် ကြယ်ပွင့် ဆက်စ်ကို ကို ခေါ်ယူဖို့ အတွက် ဆဲလ်ဘတ် အသင်းနဲ့ ကနဦး ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း Sky Sports က အခိုင်အမာ ရေးသားလိုက်ပါတယ်။ ဒါပေမယ့် ကလပ် နှစ်သင်းအကြား ပြောင်းရွှေ့ကြေး ဈေး သတ်မှတ်ချက်က ကြီးကြီးမားမား ကွာဟနေဆဲလို့ သိရပါတယ်။
ဆီဗီလာ အသင်းကတော့ မန်ယူအသင်းရဲ့ ဘယ်နောက်ခံကစားသမား အဲလက်စ် တဲလက်စ်ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ပါတော့မယ်။ ကစားသမားက ဆေးစစ်မှုခံယူပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် စပိန်မြေကို တောင် ရောက်ရှိနေပြီဖြစ်ပြီး မကြာမီမှာ တရားဝင်ကြေညာသွားမှာပါ။ အငှားစာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ဘူးလို့လည်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဗယ်လီကာနိုနဲ့ပွဲမှာ ပွဲမပြီးခင်ပြန်သွားတဲ့ စီရော်နယ်ဒိုကို အရေးယူတဲ့အနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ အရန်ခုံ ထိုင်ခိုင်းသွားဖို့ ရှိနေပါတယ်။ ရာသီမစတင်ကတည်းက တန်ဟတ်နဲ့ စီရော်နယ်ဒိုတို့အကြား အခြေအနေ တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

စီ ရော်နယ်ဒိုရဲ့ မန်ယူ အသင်းဖော်ဟောင်း ဆာဟာ ကတော့ ပေါ်တူဂီသားရဲ့ သူ့ ကစားသမားဘဝ ရည်မှန်းချက်တွေ အကောင်အထည် ဖော်လိုတာ အပြစ်မတင်ချင်ပေမယ့် မန်ယူ လို အသင်းကြီး ကို သူဖြစ်ချင်တာနဲ့ ဆွဲညှိယူလို့ မရကြောင်း ထောက်ပြသွားခဲ့ပါတယ်။
နယ်သာလန်ထိပ်သီးကလပ် အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနေးဟာ သူ့ကိုခေါ်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းနိုင်ဖို့ အေဂျက်ဇ်ကိုဖိအားပေးသွားမှာပါ။ အေဂျက်ဇ်က အန်တိုနေးအတွက် ပေါင်သန်း ၇၀ သတ်မှတ်ထားရာ အဆိုပါပမာဏကို ပေးချေဖို့ မန်ယူဘက်က တွန့်ဆုတ်နေပါတယ်။
ချဲလ်ဆီး က မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဘာစီလိုနာကွငု်းလယ်လူ ဒီဂျောင်ကို ကြားဖြတ်လုခေါ်ဖို့ စီစဉ်လာခဲ့ပါပြီ။ ချဲလ်ဆီးဟာ ဒီဂျောင်ကိုခေါ်ယူဖို့အတွက်ဘာစီလိုနာနဲ့ တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်သွားမှာဖြစ်ပြီး ဒီဂျောင် ကိုယ်တိုင်ကလည်း မန်ယူထက် ချဲလ်ဆီးကိုသာ ပြောင်းလိုနေတယ်လို့ သိရပါတယ်။