ချန်ပီယံ လီဗာပူး၊ တန်းဆင်း အသင်းများ၊ မန်ယူ၊ အာဆင်နယ်တို့ Top 4 လွဲမယ် ဆိုတဲ့ စူပါကွန်ပြူတာ ပရီးမီးယားလိဂ် ဇယား
ဒီနေ့ည ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ဘောလုံးရာသီ သစ် မစတင်မီ စူပါကွန်ပြူတာက ဒီရာသီမှာ ချန်ပီယံ ဖြစ်မယ့် အသင်း ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အသင်း နဲ့ တန်းဆင်းသွားရမယ့် အသင်းတွေကို ခန့်မှန်းသွားခဲ့ပါတယ်။
ချန်ပီယံဆု အတွက် ကိုတော့ မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ရဲ့ ပြိုင်ပွဲ အဖြစ်သာ သုံးသပ်ထားခဲ့ပြီး စူပါ ကွန်ပြူတာက ယာဂန်ကလော့ရဲ့ အသင်းဟာ ပက် ဂွာဒီယိုလာရဲ့ အသင်းကို title race မှာ ကပ်ပြီး အသာရ သွားလိမ့်မယ်လို့ မြင်နေပါတယ်။
လီဗာပူးကို ချန်ပီယံ ဖြစ်နိုင်ခြေ ၄၉.၇% သတ်မှတ်ထားပြီး မန်စီးတီးကိုတော့ ၄၇% သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ လီဗာပူးဟာ ၂၀၁၉-၂၀ ရာသီ ပြီးနောက် ပရီးမီးယားလိဂ်ခေတ်မှာ ဒုတိယအကြိမ်မြောက် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

ဒီထက် ပိုမို အရေးကြီးတာကတော့ လီဗာပူးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အကြိမ် ၂၀ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ စံချိန်ကို လိုက်မှီသွားမှာ ဖြစ်ပါတယ်။
စူပါကွန်ပြူတာက လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ top 4 ဝင်နိုင်ခြေကို ၉၉.၃% ထိ သတ်မှတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက top 4 ဝင်ခဲ့တဲ့ အပြင် ကွန်တီရဲ့လက်အောက်မှာ များစွာ တိုးတက်နေပြီး နွေရာသီမှာ လူဖြည့်တင်းမှုတွေ အကောင်းဆုံး လုပ်ထားနိုင်ခဲ့တဲ့ စပါးကို တတိယနေရာဖို့ အခွင့်အရေး အများဆုံး အသင်း အဖြစ် ၇၀.၁% ပေးထားပါတယ်။
၎င်းရဲ့ နောက်မှာတော့ ကွန်တီရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီး ဖြစ်ပြီး the Blues တို့ရဲ့ top 4 ဝင်နိုင်ခြေကို ၆၂.၅% သတ်မှတ်ထားခဲ့ပါတယ်။
ဆိုလိုတာကတော့ မန်ယူနိုက်တက် နဲ့ အာဆင်နယ် တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားမယ်လို့ ယူဆထားတာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ top 4 ဝင်နိုင်ခြေကို ၂၂.၆% နဲ့ ဂန်းနား တို့ကို ၂၂% ပေးထားပါတယ်။ အဆိုပါ အသင်းတွေရဲ့ ပြင်ပမှာတော့ နယူးကာဆယ်ကို top 4 ဝင်နိုင်ခြေ ၅% ၊ ဝက်ဟမ်းကို ၄.၉% နဲ့ လက်စတာကို ၄.၁% သတ်မှတ် ထားပါတယ်။

၂၀၂၂-၂၃ ပရီးမီးယားလိဂ် စူပါကွန်ပြူတာ ခန့်မှန်း အမှတ်ပေးဇယား
1. Liverpool
2. Manchester City
3. Tottenham Hotspur
4. Chelsea
5. Manchester United
6. Arsenal
7. West Ham United
8. Newcastle United
9. Leicester City
10.Aston Villa
11. Brighton & Hove Albion
12. Crystal Palace
13. Wolverhampton Wanderers
14. Everton
15.Leeds United
16.Brentford
17.Southampton
18.Fulham
19.Nottingham Forest
20.Bournemouth
တန်းဆင်းဇုန် ခန့်မှန်းချက် ကတော့ တန်းတက် အသင်းတွေ အတွက် သတင်းဆိုး ဖြစ်နေပြီး စူပါကွန်ပြူတာဟာ ဒီအသင်းတွေ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်လိမ့်မယ်လို့ ယူဆထားဟန် မရှိပါဘူး။ ဘုန်းမောက်ကို တန်းဆင်းရဖို့ အခွင့်အရေး အများဆုံး အသင်း အဖြစ် ၄၅% သတ်မှတ်ထားပြီး ၎င်းတို့ရဲ့ နောက်မှာ နော့တင်ဟမ်ဖောရက်စ်က ၄၄.၅% နဲ့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဖူဟမ်က ၄၃.၈% ဖြစ်ပါတယ်။
သမိုင်းကြောင်းတွေ အရ အနည်းဆုံး တန်းတက်အသင်း ၁ သင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့ ဖြစ်နိုင်ခြေ များနေပေမယ့် လွန်ခဲ့တဲ့ ၁၉၉၇-၉၈ ရာသီ တုန်းက ဘော်တန် ဘန်စလေ နဲ့ ပဲလေ့စ် တို့ ချက်ချင်း တန်းပြန်ဆင်းရတဲ့ အဖြစ်အပျက် တစ်ကြိမ်တော့ ရှိထားခဲ့ပါတယ်။ တန်းတက်အသင်းတွေရဲ့ နောက်မှာတော့ စူပါကွန်ပြူတာက ဆောက်သမ်တန်ကို တန်းဆင်းနိုင်ခြေ ၃၄.၂% ၊ ဘရန့်ဖို့ဒ်ကို ၃၁.၉% နဲ့ လိဒ်ကို ၃၁.၂% သတ်မှတ်ထားပါတယ်။
တန်းတက် အသင်း ၃ သင်းစလုံး ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နိုင်ခဲ့တဲ့ နောက်ဆုံး ရာသီကတော့ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီက ဖြစ်ပြီး နယူးကာဆယ် ဘရိုက်တန် နဲ့ ဟယ်ဒါဖီး တို့ကလည်း တင်ကျန်ရစ်ခဲ့ပါတယ်။ ဒါဟာ နောက်ဆုံး ၁၀ ရာသီမှာ ဒီလို ဖြစ်ခဲ့တဲ့ တစ်ခုတည်းသော ရာသီ ဖြစ်ပါတယ်။