ဖိုဖာနာ အတွက် ဘောလုံးလောက စံချိန်တင်ကြေး သုံးဖွယ်ရှိလာခြင်းနဲ့ နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ချဲလ်ဆီးအသင်းဟာ အသက် ၂၁ နှစ်အရွယ် လက်စတာစီးတီးနောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာ အတွက် ကနဦး ပေါင်သန်း ၆ဝ နဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခြင်း ခံခဲ့ရပြီးနောက် ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ချင်နေတယ်လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြခဲ့ပါတယ်။
ဘောလုံးလောကမှာ နောက်ခံ ကစားသမား တစ်ဦး အတွက် စံချိန်တင်ထားတဲ့ ပြောင်းရွှေ့ကြေးက မက်ဂွဲရား အတွက် မန်ချက်စတာ ယူနိုက်တက်က ပေါင် သန်း ၈ဝ သုံးစွဲခဲ့တာပါ။ ချဲလ်ဆီးက ထိုထက် ပိုသုံးပြီး ဖိုဖာနာ ကို ခေါ်ရမလား စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန် ခံစစ်သမား ကူကူရယ်လာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘရိုက်တန် အသင်းက မနေ့ကတော့ သဘောတူညီမှု မရသေးကြောင်း ငြင်းဆန်ခဲ့ပါသေးတယ်။

ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား မားကို့စ် အလွန်ဆိုကို တတ်နိုင်သမျှ မြန်မြန် ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု ရယူနိုင်မဲ့အဖြေကို ရှာဖွေနေပါတယ်။ အလွန်ဆိုကိုယ်တိုင်ကလည်း နူးကမ့်ဆီ ပြောင်းလာဖို့ ခေါင်းငြိမ့်ထားပြီး ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာ ချိတ်ဆက်နေတဲ့ အသင်းခေါင်းဆောင် ဗဟို ခံစစ်မှုး ကွီတာ ကို ၂နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း ဝီလီယံ ဂါးလက်စ်က ကွန်းဒေးကို အရ မခေါ်နိုင်ခဲ့ခြင်းဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ကျူးလွန်းခဲ့တဲ့ မဟာ အမှား ဖြစ်ကြောင်း သုံးသပ်ရင်း ၊ ကွန်းဒေးကိုသာ ရခဲ့ရင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အတောင့်တင်းဆုံး ပွဲထွက် ခံစစ် အတွဲကို ပိုင်ဆိုင်လိုက်နိုင်မှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဝုဗ် အသင်းဟာ ချဲလ်ဆီးမှာ နေရာမရတော့တဲ့ တိုက်စစ်မှူး ဘတ်ရှုဝါယီ ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်ကိုခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိနေတယ်လို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ ကစားသမားဖြစ်သူနဲ့ ဆွေးနွေးမှု စတင်ပြုလုပ်နေပြီး ဘာစီလိုနာ ကိုတော့ ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။ အူဘာမီယန်ဟာ ချဲလ်ဆီးရဲ့ ပစ်မှတ်တွေထဲကတစ်ယောက် ဖြစ်ပါတယ်။