ဂန်းနားတို့ရဲ့ လှပတဲ့ အဖွင့်နိုင်ပွဲ၊ ချီးကျူးသံတွေ ညံနေတဲ့ ဆာလီဘာနဲ့ ယနေ့ နံနက်ခင်း အာဆင်နယ် သတင်းများ
အာဆင်နယ်အသင်းရဲ့ ညက ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရာ ၂-ဝ နဲ့ အနိုင်ရကာ အဖွင့်လှသွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် အတွက် ဂိုးတွေကို ပထမပိုင်းမှာ မာတင်နယ်လီက တစ်ဂိုး၊ ဒုတိယပိုင်း ပွဲပြီးခါနီးမှာ ဆာကာ ကန်ချက်ကနေ ပဲလေ့စ်ကစားသမား ဂူယီနဲ့ ထိကာ own goal အဖြစ် တစ်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
ထိုပွဲမှာ အာဆင်နယ် အတွက် ပွဲဦးထွက် ပါဝင် ကစားခဲ့တဲ့ ဝီလီယံ ဆာလီဘာ က အထူး ခြေစွမ်းပြခဲ့ကာ ပွဲစဉ် အတွက် အကောင်းဆုံး ကစားသမား ဆုလည်း ရရှိခဲ့ပါတယ်။

ဆာလီဘာရဲ့ ခြေစွမ်းကို ဘောလုံးသုံးသပ်သူတွေကတော့ တသသ ချီးကျူးနေကြပြီး ဂယ်ရီနဗီးလ်ကတော့ ဆာလီဘာ ကို ကြည့်ရတာ သူ့အသင်းဖော်ဟောင်း ရီယို ဖာဒီနန် ငယ်တုန်းကပုံစံလိုပဲ လို့ နှိုင်းယှဉ် ချီးကျူးသွားခဲ့ပါတယ်။
အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ ဒီပွဲမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး အစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲမှာ အိုဒီဂတ်ရဲ့ခြေစွမ်းက သာမန်လောက်သာရှိခဲ့ပြီး ဂျေးဆု ဖန်တီးပေးတဲ့တစ်လုံးကိုလည်း တုံ့ဆိုင်းနေခဲ့ကာ အဆုံး မသတ်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဈေးကွက်ထဲမှာ မန်စီးတီး အကျတွေ ခေါ်နေတယ်လို့ အာဆင်နယ် ပြောဆိုခံခဲ့ရပေမယ့် ပဲလေ့စ်နဲ့ ပွဲမှာ ဂျေးဆုနဲ့ ဇင်ချန်ကို တို့ကလည်း အာဆင်နယ် တိုက်စစ်ကို ကောင်းစွာ မောင်းနှင်နိုင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။
ဆာလီဘာကို ချီးကျူးကြသူတွေထဲမှာ ဂျင်မီ ကာရေဂါနဲ့ အီယန် ရိုက် တို့လည်း ပါဝင်ခဲ့ပြီး ကာရေဂါက ဆာလီဘာ ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကို ကောင်းကောင်း ကစားနိုင်တယ်လို့ သေချာ ချီးကျူးသွားခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားအနေနဲ့ တူရကီထိပ်သီးကလပ် ဂါလာတာစာရေးကို ပေါင် ၅.၅သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ တော်ရဲရားဟာ ၂၀၁၈ ခုနှစ်ကအာဆင်နယ်ကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြ အာတီတာ လက်အောက်မှာ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။