ကော်တင်ညို၊ ဆွာရက်စ်တို့ပြီးနောက် ဘာစီလိုနာ မျက်စိကျလာပြန်တဲ့ လီဗာပူးအသင်းရဲ့ ကြယ်ပွင့် ကစားသမား

လီဗာပူးအသင်းမှာ တောက်ပလာတဲ့ ကြယ်ပွင့်တွေဆို အညွန့်ခူးသွားလေ့ ရှိတဲ့ ဘာစီလိုနာကတော့ ဆွာရက်စ်၊ ကော်တင်ညိုတို့ နောက်မှာ လီဗာပူး အသက်သွေးကြောလို ဖြစ်လာတဲ့ ခံစစ်သမားလေး ထရန့် အလက်ဇန်းဒါး အာနိုးလ် ကို ခေါ်ဖို့ မျက်စိကျလာပါတယ်။

အင်္ဂလန်သားလေးကို ၂၀၂၃ ခုနစ် နွေအပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ ဘာစီလိုနာအသင်း စီစဉ်နေတာဖြစ်ပြီး နည်းပြ ချာဗီကလည်း အထူးသဘောကျ နှစ်ခြိုက်နေတယ်လို့ သိရပါတယ်။ အာနိုးလ်ဟာ ဘာစီလိုနာအသင်းရဲ့ လူစာရင်းကို ပြီးပြည့်စုံစေမဲ့ အပိုင်းစ တစ်ခု ဖြစ်လိမ့်မယ်လို့ ဘာစီလိုနာအသင်းက ယုံကြည်နေပါတယ်။

အဲဒီအတွက်လည်း လီဗာပူးအသင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ဆွေးနွေးသွားဖို့ပါ ဘာစီလိုနာအသင်း ပြင်ဆင်နေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့လည်း အသက် ၂၃ နှစ်သားအတွက် ဘာစီလိုနာအသင်း ပေးချင်တဲ့ ပြောင်းရွှေ့ကြေးဟာ လက်ရှိဈေးကွက် ပေါက်ကြေး ထက်တောင် နည်းပါးနေပါသေးတယ်။

အထူးသဖြင့် ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အာနိုးလ်ကို ကစားသမားမျိုး ကို အဆိုပါကြေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဟာ ရယ်စရာသာ ဖြစ်တယ်ဆိုပြီး ပရိသတ်တွေကတော့ မှတ်ချက်ပြုနေပါတယ်။

အာနိုးလ်ဟာ လီဗာပူးလ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကြယ်တပွင့် ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာလည်း ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ကစားသမားဘဝတလျှောက်လုံးကို အန်းဖီးလ်မှာပဲ မြှုပ်နှံသွားပြီး အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာဖို့အထိပါ ရည်မှန်းထားသူဖြစ်တာကြောင့် ဘာစီလိုနာ အသင်း အနေနဲ့ လီဗာပူးလ်အသင်းနဲ့ရော ကစားသမားဖြစ်သူနဲ့ပါ သဘောတူညီမှုရနိုင်ဖို့ အတော်လေး ခက်ခဲမဲ့ အခြေအနေပါပဲ။

ညာနောက်ခံလူနေရာမှာ ဆာဂျီနို ဒက်စ်နဲ့ ဆာဂျီ ရိုဘတ်တိုတို့လို ကစားသမားတွေ ရှိနေပေမဲ့လည်း နှစ်ဦးစလုံးကို နည်းပြဖြစ်သူ ချာဗီက သိပ်သဘောမကျတာကြောင့် ဘာစီလိုနာအသင်းဟာ နောက်နှစ်နွေအပြောင်းအရွှေ့မှာ ညာနောက်ခံလူ နေရာကို ထိပ်တန်းအဆင့် ကစားသမားတဦးနဲ့ အစားထိုးသွားဖို့ ပြင်ဆင်နေခြင်း ဖြစ်ပြီး အဓိက ပစ်မှတ်အဖြစ် အာနိုးလ်ကို သတ်မှတ်လာခဲ့တာပါ။

အာနိုးလ်ဟာ ၂၀၁၆ ခုနှစ်မှာ လီဗာပူးလ်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရပြီးနောက်ပိုင်း ခြေစွမ်းပိုင်း တဟုန်ထိုး တိုးတက်လာခဲ့ကာ ကမ္ဘာ့အဆင့် စင်မြင့်ပေါ်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၂၇ ပွဲ ကစားထားပြီးဖြစ်ကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ခါရာဘောင်ဖလားတွေနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူး ထားနိုင်ခဲ့ပါတယ်။