ဖေဘီယံ ရုဇ်၊ အေဂျက် က လူတွေ အကုန်ခေါ်တဲ့ တန်ဟက်၊ ဆာနေး၊ ရော်နယ်ဒိုနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက်စ် တောင်ပံ ကစားသမား အန်တိုနီ ကို ဈေးနှုန်း မြင့်မားမှုကြောင့် နောက်ဆုတ် သွားခဲ့ပြီး ဘိုင်ယန်မြုးနစ် တောင်ပံ ကစားသမား လီရွိုင် ဆာနေး အတွက် မေးမြန်း စုံစမ်း ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ဟာ ယခုနွေရာသီမှာ ဖရန်ကီ ဒီဂျောင်အစား အခြား ရွေးချယ်စရာ အဖြစ် နာပိုလီကြယ်ပွင့် ဖေဘီယံ ရုဇ်ကို သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။
မန်ယူအသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အာနူတိုဗစ်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စား လာတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၃၃နှစ် အရွယ် ကစားသမားဟာ လက်ရှိမှာ စီးရီးအေကလပ် ဘိုလော့ဂ်နာ မှာ ကစားနေတာပါ။ မန်ယူဟာ ရော်နယ်ဒို ထွက်သွားခဲ့ရင် အာနူတိုဗစ်နဲ့ ပြန်အစားထိုးဖို့ စီစဉ်နေတာပါ။

မန်ယူနိုက်တက် နည်းပြ တန်ဟက်က အေဂျက်ကနေ ထွက်ခွာလာပြီးနောက် လက်ထောက် နည်းပြကို ခေါ်လာခဲ့တဲ့ နောက် အေဂျက် အဓိက ကစားသမားတွေကို ခေါ်ယူဖို့ တောက်လျောက် ကြိုးစားတဲ့ အပြင် အသင်းမှ Video Analysic လုပ်သူတွေကိုပါ ခေါ်ဖို့ လုပ်လာတာကြောင့် အေဂျက် အသိုင်းဝိုင်းဘက်ကတော့ ဝေဖန်မှုပြောဆိုနေကြပြီ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ဂန္တဝင် ရွန်းနီ က ရော်နယ်ဒို နဲ့ ပတ်သတ်ပြီး ” ရော်နယ်ဒိုကို အသင်းက လက်လွှတ်သင့်နေပါပြီ၊ ရော်နယ်ဒိုက တန်ဟက် ရဲ့ အသင်းမှာ မကစားနိုင်တာမျိုး မဟုတ်ပါဘူး၊ သူက ဘယ်အသင်းမှာ မဆို ကစားနိုင်ပြီး ဂိုးတွေ အမြဲသွင်းနိုင်မှာပါ၊ ဒါပေမယ့် ကျတော့် အမြင်အရ ယူနိုက်တက်က အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့် အနေအထားမှာ မရှိသေးပါဘူး၊
ဒါကြောင့် နောက် (၃) (၄) နှစ်အတွင်းမှာ ဆုဖလားဆွတ်ခူးဖို့ အသင်းကို အခုကတည်းက တည်ဆောက်ရပါမယ်၊ ရော်နယ်ဒို ယူနိုက်တက်က ထွက်ခွာချင်တဲ့ သတင်းက မှန်တယ်ဆိုရင် အသင်းကလည်း သူ့ကို ထွက်ခွင့်ပေးပြီး ကျောနံပါတ် (၉) တိုက်စစ်မှူး တစ်ယောက် ခေါ်ရပါမယ်” လို့ ပြောသွားခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှူးဟောင်း ကာဗာနီ ရဲ့ ကိစ္စကို တာဝန်ယူ ကိုင်တွယ် နေတဲ့ အေးဂျင့်တွေဟာ ဘိုကာဂျူနီယာ အသင်းဘက်က ကမ်းလှမ်းထားတဲ့ အချက်အလက်တွေကို စတင် ကြည့်ရှုနေပြီး လာမယ့် အပတ်ထဲမှာ အပြောင်းအရွှေ့ ဖြစ်မြောက် နိုင်တယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ်။