အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ရှုံးပြီး ပရီးမီးယားလိဂ် ရာသီကို စဖွင့်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်
ဒီည အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် သွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ ဧည့်သည် ဘရိုက်တန်အသင်းက ၂-၁ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ နည်းပြ တန်ဟက် အတွက်တော့ သူ့ရဲ့ မန်ချက်စတာ ခေတ်သစ်ကို အိမ်ကွင်း ရှုံးပွဲနဲ့ အစပြုခဲ့ရပြီ ဖြစ်ပါတယ်။
ပထမပိုင်း မိနစ် ၃၀ မှာ မက်တော်မီနေးရဲ့ ညံ့ဖျင်းမှုကနေတဆင့် ဘရိုက်တန်အသင်းက တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ထရော့ဆက်က ဂိုးဧရိယာထဲ ပြေးဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ဝဲလ်ဘတ်ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးခဲ့ရာမှာ ဂရို့စ်က ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဖြတ်တင်လိုက်တဲ့ဘောလုံးကို အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက်မှာ တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပြီး အဲရစ်ဆင် အပိုင်ကန်သွင်းခွင့်ကို အသုံးမချနိုင်ခဲ့ဘဲ ၃၉ မိနစ်မှာ မာ့ချ်ရဲ့ ကန်ချက်ကို ဒဟေးယား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် လူကပ်ခံထားရခြင်းမရှိတဲ့ ဂရို့စ်ကပဲ အသာအယာ ပိတ်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူ သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ကစားအား မြှင့်တင်လာခဲ့ပြီး ၅၂ မိနစ်မှာ အဲရစ် တန်ဟက် က ဖရက်ဒ်ကို ထုတ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားဝင်ကစားစေခဲ့ပါတယ်။ မန်ယူအသင်း ပထမပိုင်းထက် ကစားပုံ ကောင်းမွန်လာခဲ့ပေမယ့်လည်း ဘရိုက်တန်ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ထောင့်ကန်ဘောကန်ခွင့် ရရှိခဲ့ပြီး ဂိုးသမားကို ကျော်လာတဲ့ ဘောလုံးက ဒါလော့တ်ကို ထိမှန်ခဲ့ရာကနေ ဘရိုက်တန်နောက်တန်းနဲ့ ဂိုးသမားတို့ နားလည်မှု လွဲရာကနေ ကိုယ့်ဂိုး ကိုယ်သွင်း မိသွားခဲ့ပါတယ်။

ချေပဂိုး ရရှိသွားပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းက တရစပ်တိုက်စစ်ဆင်ထိုးဖောက်လာခဲ့တာကြောင့် ပွဲက ပိုမို မြိုင်ဆိုင်လာခဲ့ပြီး ၇၇ မိနစ်မှာ ခြေစွမ်း မပြသနိုင်တဲ့ စကော့ မက်တော်မီနေးရဲ့ နေရာမှာ ဗန်ဒီဘိခ် လူစားဝင်ကစားခဲ့ပါတယ်။
၈၆ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် လီဆန်ဒရို မာတီနက်ဇ် ခေါင်းတိုက်ရာကနေ ဘရိုက်တန် နောက်ခံ ကစားသမားနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ထပ်တစ်ကြိမ် ကန်သွင်းခဲ့ပေမယ့် လူးဝစ္စ ဒန့်ခ်က သတိရှိရှိ လျှောထိုး ကာကွယ်နိုင်ခဲ့လို့ မန်ချက်တာယူနိုက်တက်အသင်း အပိုင်အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်း ပွဲပြီးဆုံးခါနီးမှာ လူငယ်ကစားသမားတွေကို ထည့်သွင်း ကစားစေခဲ့ပေမယ့်လည်း ရလဒ်ကို ပြောင်းလဲနိုင်ဖို့ လုံလောက်တဲ့အချိန်မရှိတော့တာကြောင့် ၂-၁ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ်ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။