ဝေဖန်နေကြတဲ့ မန်ယူ လူဟောင်းများ၊ ပင်နို ကမ်းလှမ်းမှု၊ ဆာလီဘာ၊ ဂျေးဆုတို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ

စပါးနည်းပြဟောင်း ဟယ်ရီရက်နက်က ပရီးမီးယားလိဂ် ချန်ပီယံလောင်းစာရင်းထဲမှာ အာဆင်နယ်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ ဒီရာသီပရီးမီးယားလိဂ် ပြိုင်ဆိုင်မှု ပြင်းထန်မှာဖြစ်ကြောင်း၊ လီဗာပူး၊ မန်စီးတီး၊အာဆင်နယ်၊ စပါး၊ ချဲလ်ဆီးတို့ထဲက ဘယ်အသင်းမဆို ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိကြောင်း ရက်နက်က ဆိုခဲ့တာပါ။

မန်ယူ ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် လက်ရှိ ခြေပျက်နေပေမယ့် ရာသီကုန် အမှတ်ပေးဇယားမှာ အာဆင်နယ်ထက် သာမယ်လို့ သုံးသပ်ထားပါတယ်။

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်က အသင်းဖော်နောက်ခံလူ ဆာလီဘာကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ ဆာလီဘာနဲ့ အတူတွဲကစားရတဲ့အပေါ်ပျော်ရွှင်မိကြောင်း၊ ဆာလီဘာဟာ ငယ်ရွယ်ပြီး အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ဂါဘရီရယ်က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ တော်ရဲရား က တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းကို တရားဝင် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၆ နှစ်အရွယ် ကစားသမားဟာ နည်းပြအာတီတာ အသင်းမှာ ဂျောင်ထိုး ခံထားရသူဖြစ်ပြီး အခုအခါ ဂါလာတာစာရေးကို အပြီးသတ်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့ လူငယ်ကြယ်ပွင့် Norton-Cuffy ကို စာချုပ်သက်တမ်းတိုးမြှှုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၈ နှစ်အရွယ် ကစားသမားကို ဥရောပအသင်းတွေက စိတ်ဝင်စားခဲ့ပြီး နောက်ဆုံးမှာ ၎င်းအနေနဲ့ အမ်းမရိတ်စ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

အာဆင်နယ် ကစားသမားဟောင်း ဆီဗက်စတာက တိုက်စစ်မှူး ဂျေးဆု အနေနဲ့ ဒီရာသီမှာ အနည်းဆုံး ပရီးမီးယားလိဂ် ဂိုး ၂၀ လောက်သွင်းယူနိုင်မှာဖြစ်ကြောင်း၊ ဂျေးဆု ဟာ ဘယ်၊ ညာတောင်ပံတွေ ထွက်ကစားပေမဲ့ ဂိုးဧရိယာအတွင်းထိ ဝင်ပြီး ဂိုးများစွာသွင်းယူနိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုချီးကျူးခဲ့ပါတယ်။

မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် လက်ပတ်က အိုဒီဂတ်အတွက် လေးလံလွန်းကြောင်း၊ အိုဒီဂတ်အနေနဲ့ဒီရာသီမှာခြေစွမ်းပိုင်း ကျဆင်းဖွယ် ရှိနေကြောင်း ဖာဒီနန်က ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ လီဗာပူး ပစ်မှတ်ထားနေတဲ့ ဗီလာရီးရဲလူငယ်ကြယ်ပွင့် ရီရယ်မီ ပင်နို ကို ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြအာတီတာအနေနဲ့ဈေးကွက်မပိတ်ခင် တောင်ပံကစားသမား ခေါ်ယူလိုနေတာပါ။ ပင်နိုရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရိုသန်း ၈၀ ရှိနေပါတယ်။