လီဗာပူးက မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ် ဟောကိန်းထုတ်တဲ့ ပေါလ်စခိုးလ်
မန်ချက်စတာယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ်က ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ပြိုင်ပွဲမှာ လီဗာပူးဟာ မန်ချက်စတာစီးတီးကို အနိုင်ယူ ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ လီဗာပူး အသင်းဟာ တာထွက်လှပခဲ့ခြင်း မရှိဘဲ ဖူဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ကာ သရေ တစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ဝက်ဟမ်းကို ဟာလန်း ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီး အာဆင်နယ် တော့တင်ဟမ် တို့ကလည်း ပြိုင်ဘက်တွေကို အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ပေါလ်စခိုးလ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူး တို့ ဗိုလ်စွဲလိမ့်မယ်လို့ ထောက်ခံသွားခဲ့ပြီး ဒါပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းကိုလည်း လုံးဝ မေ့ထားလို့ မရနိုင်ဘူးလို့ သတိပေးလိုက်ပါတယ်။

စခိုးလ်က “မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် ရေပန်းအစားဆုံး အသင်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ပြောထားခဲ့သလိုပဲ ကျွန်တော့်ဘက်ကတော့ လီဗာပူးကို title race မှာ အနည်းငယ်လေး အသာ ပေးထား ပါတယ်။ ဒါပေမယ့်လည်း ခင်ဗျားတို့ အနေနဲ့ မန်ချက်စတာစီးတီးကို ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ချန်ပီယံလောင်းစာရင်း ကနေ ဖယ်ထုတ်ထားလို့ မရနိုင်ပါဘူး။
သူတို့ဟာ တအားကို ကောင်းတဲ့ ဘောလုံး အသင်း ဖြစ်ပါတယ်။ သူတို့ဟာ ဒီနွေရာသီမှာ ကစားသမား အဝင် အထွက်တွေ ရှိခဲ့တာကြောင့် အကူးအပြောင်း ကာလကို အနည်းငယ် ဖြတ်သန်း နေရပါတယ်။ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး ဖြစ်တဲ့ ဟာလန်း ကလည်း မန်စီးတီးကို ရောက်လာခဲ့ ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာ ဖြစ်လာမှာပါ။
မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်တယ် ဆိုတာ အမှန်ပါပဲ။ သူတို့ ဒီလို ကောင်းကောင်း လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တအားကို ကောင်းလှတဲ့ ဘောလုံး အသင်း ဖြစ်နေလို့ ပါပဲ။” လို့ ဆိုသွားခဲ့ပါတယ်။