ဂတ်ပို ချဉ်းကပ်မှု၊ မန်ယူ လိုရင် ကစားပေးချင်တဲ့ ချီချာရီတို၊ ဆား၊ မာတာတို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဒီတလောမှာ တိုက်စစ်မှူးတွေနဲ့ တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတွေကို ကမ်းလှမ်းမှုတွေ ပြုလုပ်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုလည်း လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းရဲ့ တောင်ပံကစားသမား အစ္စမိုင်လာ ဆားကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထား နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က နည်းပြ အဲရစ် တန်ဟက် အနေနဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ အတွဲကို ချန်လှပ်ထားခဲ့သင့်ပြီး ကွင်းလယ်ခံစစ်နေရာမှာ လီဆန်ဒရို မာတီနက်ဇ်ကိုသာ အသုံးပြုသင့်တယ်လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ချီချာရီတို ဟာနန်ဒက်ဇ်ကတော့ မန်ယူ ကသာ သူ့ကို လိုအပ်မယ်ဆိုရင် အလကားနဲ့တောင် လာကစားပေးနိုင်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အနူတိုဗစ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေသလို ယခုတစ်ခေါက်မှာလည်း ပီအက်စ်ဗွီ တိုက်စစ်ကစားသမား ဂတ်ပို ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

တိုက်စစ်မှူး မာကို အနူတိုဗစ်အတွက် မန်ယူအသင်းနဲ့ ဘိုလော့ဂ်ညာအသင်းတို့ ဒီတပတ်ထဲမှာ ထပ်မံတွေ့ဆုံသွားဖို့ စီစဉ်ထားခဲ့ပေမဲ့လည်း ပရိသတ်တွေဆီက ကန့်ကွက်မှုတွေ ရရှိခဲ့ပြီးနောက်မှာတော့ မန်ယူအသင်းဟာ ထိုအစီအစဉ်ကို ဖျက်လိုက်ပြီး နောက်ဆုတ်သွားခဲ့ပါတယ်။

မန်ယူအပါအဝင် အသင်းကြီးအတော်များများရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့ ဆဲလ်ဘတ် အသင်းတိုက်စစ်မှူး ဆစ်စ်ကို ဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းထံ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ လမ်းခွဲထားတဲ့ မာတာဟာ မေဂျာလိဂ်ကလပ် အသင်းတွေထံမှ ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့် ဥရောပလိဂ်မှာသာ ဆက်လက် ကစားလိုနေသေးတာကြောင်း ငြင်းဆန်ထားကြောင်း သတင်းရရှိပါတယ်။