ပီပီ နောက်တစ်ယောက်၊ ပြောခံနေရတဲ့ ဘန်ဝှိုက်၊ ပင်နို လျှော့ဈေးနဲ့ ရနိုင်ခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဗီလာရီးရဲကြယ်ပွင့် ပင်နိုကို လျှော့ဈေးနဲ့ ခေါ်ယူနိုင်မဲ့ အနေအထားမှာ ရှိနေပါတယ်။ ၄င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၈.၅ သန်းရှိနေပြီး အာဆင်နယ်က ကနဦးပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းထားခဲ့တာပါ။ ဗီလာရီးရဲအနေနဲ့ ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်းဖို့ ပင်နိုကို လျှော့ဈေးနဲ့ လက်လွှတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ် အနေနဲ့ နောက်ထပ် ပီပီတစ်ယောက်ကို ထပ်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ် က ပေါ်တို အသင်းက ဘရာဇီးတိုက်စစ်ကြယ်ပွင့် ပီပီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီးပေါ်တိုအသင်းထံ ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ် လို့ သတင်းတွေအရ သိရပါတယ်။
အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟောက အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က ထင်သလောက် မကောင်းဘူးဖြစ်ပြီး ရာသီကုန်မှာ ရောင်းချခံရမယ်လို့ ပြောသွားခဲ့ပါတယ်။

“အာဆင်နယ်အသင်း သူ့ကို ခေါ်ယူလိုက်တာက ပိုက်ဆံဖြုန်းတာပါ၊၊ ကျတော့်အတွက် သူဟာ ထင်သလောက် မကောင်းပါဘူး၊ သူ့အတွက် ပေါင်သန်း (၅၀) ပေးမလားဆိုရင် ဘရိုက်တန်အသင်းက သေချာပေါက် ရယ်နေကြမှာပါ၊ ဘာလို့လဲဆိုတော့ သူက ဝက်စတာ နဲ့ ဒန့်ခ် တို့လောက် ကောင်းတာမှ မဟုတ်တာ ၊ အာဆင်နယ်အသင်းဟာ သူ့ကို အချိန်မီ ရောင်းချရလိမ့်မှာပါ၊ ဘာလို့လဲဆိုတော့ ပိုကောင်းတဲ့ ဗဟိုခံစစ်မှုး (၂) ယောက်ပိုင်ဆိုင်ထားတဲ့အတွက် သူဟာ ညာနောက်ခံလူနေရာမှာပဲ ကစားသွားရမှာပါ” လို့ အဘွန်လဟောက ပြောသွားခဲ့ပါတယ်။
အာဆင်နယ် နောက်ခံလူ ဘန်ဝှိုက်ကတော့ သူ့ရဲ့ မိသားစုအနေနဲ့ ဘောလုံးကစားနည်းကို စိတ်မဝင်စားကြောင်းနဲ့ သူ့ရဲ့ အဖေဆိုရင် ဘောလုံးကစားနည်းကို မုန်းတယ်လို့ တောင်ပြောလို့ ရကြောင်း ဆိုသွားခဲ့ကာ သူ ဘာကြောင့် ဘောလုံးသမား ဖြစ်လာရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းက သူတို့ အသင်းနဲ့ စာချူပ်သက်တမ်း တိုးဖို့အတွက် ငြင်းဆိုမှု ပြုလုပ်ကာ စပိန်ကလပ် ရီးရဲလ်ဘက်တစ် အသင်းကို သွားရောက် ကစားဖို့ ဆန္ဒရှိနေတဲ့ နောက်တန်း အစွန် ကစားသမား ဟက်တာ ဘယ်လာရင် ရဲ့ ကိုယ်စားလှယ် ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ကစားသမားဟောင်း ၀ီလီယံအနေနဲ့ ပရီးမီးယားလိဂ်ထံ အံ့အားသင့်ဖွယ် ပြန်လည် ပြောင်းရွှေ့လာဖို့ ရှိနေပါတယ်။ ၀ီလီယံဟာ ကိုရင်သီယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ပရီးမီးယားလိဂ် တန်းတက် ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အာဆင်နယ် အသင်းဟာ အေစီမီလန် အသင်း ကွင်းလယ်ကစားသမား တိုနယ်လီကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။