မက်အာရွန် ပစ်မှတ်ထားလာခြင်း၊ ဂျူရန်နိုဗစ်၊ ဒီဂျောင်၊ မာတာတို့နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု
မန်ချက်စတာ ယူနိုက်တက်ဟာ နော့ဝှစ်ချ် ညာနောက်ခံလူ မက်အာရွန်ကို ခေါ်ယူဖို့ ရုတ်တရက် ပစ်မှတ် ထားလာခဲ့ပြီ ဖြစ်တယ်လို့ စကိုင်းစပေါ့ က ဖော်ပြထားပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တွေကတည်းက မက်အာရွန်ကို ပစ်မှတ်ထားခဲ့ဖူးတာပါ။
ဂျူဗင်တ ပ်ကွင်းလယ်လူ ရာဘီရော့ဖ်အနေနဲ့ သူ့ကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ငြင်းပယ်ဖွယ် ရှိနေပါတယ်။ မန်ယူဟာ ရာဘီအော့ဖ်ကိုခေါ်ဖို့ ပေါင် ၁၅ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီး အေးဂျင့်လည်းဖြစ်တဲ့ အမေလည်းဖြစ်သူနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။
မန်ယူ ကစားသမားဟောင်း ဟာနန်ဒက်ဇ်က ဆုဖလားတွေနဲ့ အသားကျခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ခေတ်ဟာ ယူနိုက်တက်မှာ ကုန်ဆုံးခဲ့ပြီဖြစ်လို့ လက်ရှိနည်းပြ တန်ဟတ်ရဲ့ နည်းစနစ်တွေကိုသာ အသားကျအောင် ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် အနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်ချိန်မှာ ပရိသတ်တစ်ယောက်က အသင်းမှာ ဆက်နေချင်တယ်ဆိုရင် လစာငွေ လျော့ယူဖို့ ပြောဆိုခဲ့ပြီး ဆဲရေးဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဂျောင်ဟာ မန်ယူနဲ့ ချဲလ်ဆီး အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းထားခံရပေမယ့် အသင်းပြောင်းရွှေ့ဖို့အတွက် ငြင်းဆန်ထားသူလည်း ဖြစ်ပါတယ်။

မာတာ ဟာ လိဒ်စ် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း နာမည်ကျော် အပြောင်းအရွှေ့ ဂုရုကြီး ရိုမာနိုကတော့ မာတာ နဲ့ လိဒ်စ် အသင်းတို့ကြား ဘာသဘောတူညီမှုမှ မရသေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
မာတာကို ရီးရဲလ်အိုဗီဒို အသင်းကလည်း ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သိရပြီး ကစားသမားကတော့ မကြာခင် ဆုံးဖြတ်ချက် ချသွားမှာပဲ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ မန်ယူတို့ဟာ ခရိုအေးရှား ညာနောက်ခံလူ ဂျူရန်နိုဗစ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေကြတယ်လို့ 90min က ဖော်ပြထားပါတယ်။ လက်ရှိဆဲလ်တစ်မှာ ကစားနေတဲ့ အဆိုပါနောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီကခြေစွမ်းပြနိုင်ခဲ့ပြီး စကော့တလန် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။