ပီအက်စ်ဂျီ ချိန်လာတဲ့ တိုက်စစ်မှုး ရပ်ရှ်ဖို့ဒ် ကို ပေါင် သန်း ၁ဝဝ ကျော် အံ့ဖွယ် ဈေး ခေါ်လိုက်တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ သတင်းထွက်နေတဲ့ တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ်အတွက် ပေါင်သန်း (၁၂၀) ဈေး သတ်မှတ်လိုက်ကြောင်း သိရှိရပါတယ်။ အသက် (၂၄) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှုါ် ရဲ့ စာချုပ်သက်တမ်းက နောက်ထပ်တနှစ်သာ ကျန်ရှိတော့တာပါ။

ဒီလိုအချိန်မျိုးမှာပဲ ပီအက်စ်ဂျီက ရပ်ရှ်ဖို့ဒ်အတွက် ရုတ်တရ တင်ကြိုးစားလာခဲ့တာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီဟာ တိုက်စစ်က အသုံးမလိုတော့တဲ့ တိုက်စစ်မှူး အီကာဒီကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ဒီနေရာအတွက် ရပ်ရှ်ဖို့ဒ်နဲ့ပြန်လည်အစားထိုးဖို့ ပြင်ဆင်နေတာပါ။

ကစားသမား ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ယူနိုက်တက်ကနေ ထွက်ခွာလိုဟန် ရှိနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့အကယ်ဒမီထွက် ကစားသမားကို လွယ်လွယ်ကူကူနဲ့ လက်မလွှတ်လိုဘဲ လက်လွှတ်ခဲ့ရရင်တောင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ပီအက်စ်ဂျီဟာ ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ကစားသမားအတွက် ပေါင်သန်း (၁၂၀) အထိ အလိုရှိနေပြီး ပီအက်စ်ဂျီပေးမယ့် ပြောင်းရွှေ့ကြေးထက် (၂) ဆဝန်းကျင်ပိုမိုများပြားတဲ့ ပမာဏကို အလို ရှိနေတာပါ။

ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတလျှောက်လုံးမှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။