မန်ယူ ရဲ့ အရှက်တကွဲ ဂိုးပြတ် ရှုံးပွဲနဲ့ ဇယားအောက်ဆုံး ရောက်သွားတာ အတွက် သူ့ကိုပဲ အပြစ်တင်ကြဖို့ ဒီဂီယာ ပြောဆို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရန်ဖိုဒ့်အသင်းကို အရှက်ရဖွယ် ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူ ဂိုးသမား ဒီဂီယာ ဟာ ဘရန်ဖိုဒ့်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုး ၂ ဂိုးစလုံးကို သူ့အမှားအယွင်းတွေကနေ ပေးခဲ့ရတာပါ။ အဲ့ဒီနောက်ပိုင်း မန်ယူအသင်းဟာ သွင်းဂိုးတွေ ဆက်တိုက်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီရှုံးပွဲအတွက် တာဝန်ယူပြီး သူ့ကိုသာ အပြစ်တင်ကြဖို့ ပွဲအပြီးမှာ ဒီဂီယာက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဒီဂီယာက “ကျွန်တော်ကြောင့်ပဲ ဒီနေ့ အသင်းဟာ ၃ မှတ်ပေးလိုက်ရတယ်လို့ ရိုးရိုးသားသားပဲ ပြောချင်ပါတယ်။ကျွန်တော့်ရဲ့စွမ်းဆောင်ရည် တော်တော်လေးကို ညံ့ဖျင်းခဲ့ပါတယ်”

“ပထမ အမှားပြုလုပ်ခဲ့သလို ဒုတိယအမှားပါ ပြုလုပ်ခဲ့ပြီး ဆိုးရွားတဲ့နေ့ဖြစ်ခဲ့ပါတယ်။ကျွန်တော်လုပ်ခဲ့တဲ့ အမှားက ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ဖြစ်တက်ပါတယ်”

“ပွဲတွေမှာ တသမတ်တည်းလုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ လုပ်ဆောင်ပုံက အဆင်မပြေလို့ ပိုပြီးကြိုးစားဖို့ လိုကြောင်း” ပြောဆို သွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်အရေးနိမ့်ခဲ့ပြီး ၁၉၉၂ ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် အဆင့် ၂၀ နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒီရလဒ်ကြောင့် အဲရစ်တန်ဟတ်ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဆုံးကိုင်တွယ်တဲ့ ၂ ပွဲစလုံး အရေးနိမ့်ခဲ့တဲ့ ၁၉၂၁ နောက်ပိုင်း ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။