ဝေဖန်မှုတွေ ခါးစည်းခံနေရတဲ့ ဒီဂီယာ၊ အလှောင်ခံရတဲ့ အဲရစ်ဆင်၊ ရာဘီရော့၊ ဒက်စ်တို့နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ယူအသင်းဟာ ဘရန့်ဖို့ဒ် အသင်းကို ၄ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ရာသီအဖွင့်ပွဲစဉ် နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရကာ နှစ် ၃၀ အတွင်း ပထမဆုံး အကြိမ်အနေဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ခြေကို ရောက်ရှိသွားခဲ့ ရပါတယ်။
မန်ယူအသင်းနည်းပြ တန်းဟက်ဂ်ကတော့ မနေ့က ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ဒီရုပ်ပျက်ဆင်းပျက်ရှုံးပွဲဟာ နည်းစနစ်ပိုင်းဆိုင်ရာထက် တစ်ဦးချင်းဆီရဲ့ အမှားတွေကြောင့် ဖြစ်တယ်လို့ ဝန်ခံပြောဆို သွားခဲ့ပြီး သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာကို ပြန်လည် ပြင်ဆင်သွားမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။

မန်ယူနဲ့ သတင်းကြီးလာနေတဲ့ ဘာစီလိုနာ နောက်ခံလူ ဆာဂျင်နို ဒက်စ် ဟာ မနေ့က ကစားခဲ့တဲ့ လာလီဂါ အဖွင့်ပွဲမှာ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ် ခံခဲ့ရ ပေမယ့် အပြောင်းအရွှေ့ ပြုလုပ်ဖို့ အချက်ပြခဲ့တာ မဟုတ်ဘဲ နည်းစနစ်ပိုင်းအရသာ ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း ဘာဆာ နည်းပြ ဇာဗီ က ဖြေရှင်းသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ရာဘီရော့ ကို ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ မိခင် နဲ့ ညှိနှိုင်းမှု အဆင်ပြေ ခဲ့ပြီလို့ သတင်း ထွက်လာခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲအတွင်း အမှားများခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့ အဆိုးဝါးဆုံးသော ဂိုးသမား တစ်ယောက်ဖြစ်တယ် ဆိုပြီး အသင်းပရိသတ် အချို့က ဆိုရှယ်မီဒီယာအထက်မှာ ဝေဖန်ပြောဆိုနေကြပါတယ်။
ဒါ့အပြင် မန်ယူအသင်း ကွင်းလယ်ကစားသမား အဲရစ်ဆင် တစ်ယောက်လည်း အဆိုပါ ပွဲအတွင်း အသင်းဟောင်း ဘရန့်ဖို့ဒ် ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
ပြင်သစ် ကလပ် နိုက်စ် အသင်းဟာ အသင်း လက်မဲ့ ဖြစ်နေတဲ့ မန်ယူ တိုက်စစ်မှူးဟောင်း အီဒီဆင် ကာဗာနီ ကို ခေါ်ယူ နိုင်ဖို့ အတွက် ကြိုးစား လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။