ကွင်းဘေးက ဖိုက်တာ နှစ်ဦး၊ ချဲလ်ဆီးပွဲတွေ ဘယ်တော့မှ မကိုင်စေလိုတဲ့ ဒိုင် တေလာနဲ့ လန်ဒန်ဒါဘီ ပွဲက ပြောစရာ အချက်များ

ချဲလ်ဆီး နဲ့ စပါးတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်ကတော့ နည်းပြနှစ်ဦးရဲ့ ရန်ပွဲနဲ့အတူ ဇာတ်ရှိန်မြှင့်တက်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ဦးဆောင်ဂိုးနှစ်ကြိမ်တိုင် သွင်းယူခဲ့ပေမဲ့ စပါးရဲ့ ချေပဂိုးတွေလိုက်သွင်းပြီး သရေရလဒ် ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မြင်ခဲ့ရတဲ့ အငြင်းပွားဖွယ် စိတ်ဝင်စားဖွယ် ဖြစ်ရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကွင်းဘေး က ဖိုက်တာနှစ်ဦး

နည်းပြ တူချယ်နဲ့ ကွန်တီတို့ရဲ့ရန်ပွဲက လနဒန်ဒါဘီရဲ့ ဇာတ်ရှိန်အမြင့်ဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့တာပါ။ ပထမဆုံး စပါး ချေပဂိုးရသွားချိန်မှာ ကွန်တီရဲ့ ကစားသမားတွေကို ဆွပေးတဲ့အနေနဲ့ လွန်လွန်ကျူးကျူး အောင်ပွဲခံဟန်ကို တူချယ်က မျက်စိဆံပင်မွှေးစူးခဲ့ပြီး သွားဖြဲရာက သူတို့နှစ်ဦး ငြိခဲ့ပါတယ်။

ကွင်းဘေး အချင်းများနေတာကြောင့် နှစ်ယောက်လုံး အဝါကတ် ကိုယ်စီ အပြခံခဲ့ရပါတယ်။ အဲဒီနောက် ရီစီဂျိမ်းစ် ဦးဆောင်ဂိုး ထပ် သွင်းချိန်မှာ တူချယ်က တပြန် အားပါးတရ အောင်ပွဲပြန်ခံပြခဲ့ပါတယ်။ ပွဲပြီးဆုံးတော့ လက်တွဲနှုတ်ဆက်ရာမှာ တူချယ်က လက်ကို တအားညှစ်ရာကနေ ထပ်ငြိခဲ့ကြကာ နှစ်ယောက်စလုံး အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ပွဲမတိုးတဲ့ စပါးရဲ့ Wing Back တွေ

ချဲလ်ဆီးနဲ့ပွဲမှာ စပါးအသင်းရဲ့ ကစားပုံက သိပ်ပြီးအားရစရာမရှိခဲ့ပါဘူး။ အထူးသဖြင့် စပါးရဲ့ တောင်ပံက ခံစစ်သမား တွေရဲ့လုပ်နိုင်စွမ်းက တော်တော်လေး အားနည်းခဲ့ပြီး အီမာဆင်က အဆိုးဆုံးပါ။ ဆောက်သမ်တန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အီမာဆင်က ချဲလ်ဆီးနဲ့ပွဲမှာ သူငယ်နှပ်စားလေး ဖြစ်ခဲ့ရပြီး ပွဲကြီးမတိုးခဲ့ပါဘူး။

ခံစစ်ကျောက်ဆောင်ကြီး ကူလီဘာလေ

အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ ကူလီဘာလေဟာ စပါးနဲ့ပွဲမှာလည်း သူ့ရဲ့ ပုံစံကောင်းကို ဆက် ထိန်းနိုင်ခဲ့ပါတယ်။ ကူလီဘာလေဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အကောင်းဆုံး ထိန်းထားနိုင်ခဲ့သလို သူ့ရဲ့ ဖြတ်ထုတ်မှုတွေကလည်း အားရစရာပါ။ ဒါတင် မကသေးဘဲ ကူလီဘာလေဟာ အသင်းအတွက် အဖွင့်ဂိုးကိုလည်း ကူကူရယ်လာရဲ့ ထောင့်ကန်ဘော ပေးပို့ကနေတစ်ဆင့် မြေမကျ ကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့ပါသေးတယ်။

ချဲလ်ဆီးရဲ့တိုက်စစ်ပုံသစ်အရွေ့

လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီးရဲ့ တိုက်စစ်ပုံအရွေ့ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပွဲထွက်စာရင်းအရ စတာလင်က False 9 နဲ့ ပွဲထွက်လာခဲ့ပေမဲ့ တကယ့်တမ်းမှာ စတာလင်၊ မစ်ဆန်မောင်၊ကိုင်ဟာဗက်ဇ်တို့ ၃ ဦးစလုံးက တိုက်စစ်မြှားဦးမှာ အလည့်ကျ ရွေ့လျားကစားသွားတာ တွေ့ရပါတယ်။ တကယ်လို့ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး မခေါ်နိုင်ခဲ့ဘူး ဆိုရင် Plan B အနေနဲ့ တူချယ်က ဒီလိုတိုက်စစ်အခင်းအကျင်းနဲ့ပဲ ဒီရာသီမှာ နှစ်ပါးသွားဖို့ ရှိနေပါတယ်။

ချဲလ်ဆီး ပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ ကွင်းလယ်ဒိုင်

လန်ဒန်ဒါဘီပွဲမှာ ကွင်းလယ်ဒိုင် အန်တိုနီ တေလာကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဟွိုက်ရဲ့ပထမဆုံး ချေပဂိုးသွင်းဖို့ build up ပြုလုပ်စဉ်မှာ ကိုင်ဟာဗက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ပရိသတ်တွေက ယူဆခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ ဒုတိယဂိုးမသွင်းခင်မှာလည်း ရိုမီရိုက ကူကူရယ်လာကို ဆံပင်ဆွဲပြီး ပြစ်ဒဏ် ကျူးလွန်ခဲ့တာပါ။ နည်းပြတူချယ် ကိုယ်တိုင် ကလည်း စပါးသွင်းခဲ့တဲ့နှစ်ဂိုးစလုံးက မပေးသင့်ဘူးလို့ ဆိုခဲ့သလို တေလာ နောက်ထပ် ချဲလ်ဆီးပွဲတွေ မကိုင်စေချင်တော့ကြောင်းပါ ပြောဆိုခဲ့ပါတယ်။