ဒဏ်ရိုက်ခံရဦးမယ့် တူချယ်နဲ့ ကွန်တီ၊ ဂေါ်ဒွန် ကမ်းလှမ်းမှု ပယ်ချခံရခြင်းနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီး အသင်းကတော့ အဲဗာတန် လူငယ် ကြယ်ပွင့်လေး အန်တိုနီ ဂေါ်ဒွန် ကို ခေါ်ယူဖို့ အတွက် ပေါင် သန်း ၄၀ နဲ့ စတင် ဆွေးနွေး ဖို့ ကမ်းလှမ်း လိုက်ပြီ ဖြစ်ပြီး ပယ်ချခံလိုက်ရပါတယ်။ အဲဗာတန် အသင်း ဘက်က ပေါင် သန်း ၅၀ အထိ တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

ချဲလ်ဆီး က ဂေါ်ဒွန်ကို နောက်ထပ် ကမ်းလှမ်းဖို့ အသင်းတွင်း ဆက်လက် ဆွေးနွေးနေကြပြီး အဲဗာန် နည်းပြ လမ်းပတ်ကြိုက်တဲ့ ကစားသမားတွေကို အလိုက်ပေးပြီး ထပ်မံကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။

မနေ့ည ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ချဲလ်ဆီး – တော့တင်ဟမ် ပွဲဟာ အနိုင်အရှုံး အဖြေ မပေါ်ပဲ အပြန်အလှန် သွင်းဂိုးတွေနဲ့ တဖက် ၂ဂိုးစီ သရေ ရလဒ်သာ ထွက်ခဲ့ပါတယ်။ ဧည့်သည် တော့တင်ဟမ် အတွက်တော့ အနောက်က လိုက်ကစားပြီး သရေ ရခဲ့တာ ဖြစ်လို့ အဖိုးတန်တယ် ဆိုပေမယ့် အိမ်ရှင် ချဲလ်ဆီး အတွက် ဒီရလဒ်က အကြီးကြီး နစ်နာစရာ ဖြစ်ခဲ့ပါတယ်။

ရလဒ်ပိုင်းထက် အများက ပိုပြီး စိတ်ဝင်စားခဲ့ကြတာကတော့ ကွင်းဘေးစည်းက နည်းပြ ၂ဦးရဲ့ ခိုက်ရန် ဖြစ်ပွားမှုပဲ ဖြစ်ပါတယ် ။ သောမတ်စ် တူချယ်နဲ့ အန်တိုနီယို ကွန်တီတို့ဟာ တော့တင်ဟမ်ရဲ့ ပထမ ချေပဂိုး အပြီးနဲ့ ပွဲအပြီး လက်ဆွဲနှုတ်ဆက်ရင်းကနေ ၂ကြိမ်တိုင်တိုင် အချင်းများခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ကွင်းထဲက ကိစ္စက ကွင်းထဲမှာသာ ထားခဲ့ပြီး ဖြစ်လို့ စပါးနည်းပြ ကွန်တီ အပေါ်မှာ ဘာအငြိုးအတေးမှ မရှိနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှား ၂ခု ဆိုးရွားလွန်းတာ ချဲလ်ဆီး ပရိသတ်တွေ အပြင် သူတို့လို နည်းပြ အဖွဲ့နဲ့ အသင်းသား အားလုံး သဘောတူကြောင်း ဒေါသ ပေါက်ကွဲစွာ ဆိုခဲ့ပါတယ်။

လန်ဒန်ဒါဘီမှာ အနီကတ် ထိခဲ့ကြတဲ့ ချဲလ်ဆီး နဲ့ စပါး နည်းပြတွေ ဟာ တပွဲစီ အပယ်ခံ ကြရမှာ ဖြစ်သလို FA ကလည်း စည်းကမ်းလိုက်နာမှု အားနည်းတဲ့ အတွက် ၂ သင်း စလုံးကို ဒဏ်ငွေ ရိုက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ချဲလ်ဆီးနည်းပြ တူဟယ်လ် အပါအဝင် ချဲလ်ဆီး ကစားသမား တချို့နဲ့ပါ အချင်းများခဲ့ပြီးနောက် တူချယ် ကို လာမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် ကြိုတင် ပြင်ဆင်ထားဖို့ သတိပေးစကား ဆိုသွားခဲ့ပါတယ်။