ဂိုးသမား မန်ဒီရဲ့ အမှား၊ ကူလီဘာယီ အနီကတ်နဲ့ အတူ အရှုံးပေါ် အရှုံးဆင့်ခဲ့ရတဲ့ လိဒ် ၃-ဝ ချဲလ်ဆီး ပွဲ
ချဲလ်ဆီးအသင်းကတော့ ဒီည လိဒ်စ်ယူနိုက်တက်နဲ့ တွေ့တဲ့ အဝေးကွင်း ပွဲမှာ ဂိုးသမားမန်ဒီရဲ့ စိတ်ပျက်ဖွယ်ရာ အမှားနဲ့ အတူ မထင်မှတ်ဘဲ ၃-ဝ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။
ချဲလ်ဆီးဟာ ဒီပွဲမှာ ခံစစ် ၃ယောက်တန်းပုံစံနဲ့ပဲပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ စတာလင်နဲ့ ကိုင်ဟာဗက်ဇ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ မစ်ဆန်မောင့်၊ ဂါလက်ချာတို့အတွဲကို အသုံးပြုခဲ့ပါတယ်။ ကူကူရယ်လာနဲ့ လော့တပ်ချပ်စ်တို့ကို Wing Back တွေအဖြစ် အသုံးပြုခဲ့ပြီး နောက်တန်းမှာ သီယာဂိုဆေးလ်ဗား၊ ကူလီဘာယီနဲ့ ရီစိဂျိမ်းစ်တို့ကို ကစားစေခဲ့ပါတယ်။ အိမ်ရှင် လိဒ်စ်က ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ရိုဒရီဂို၊ ဟာရီဆင်၊ ဒန်နီရယ်ဂျိမ်းစ်၊ တေလာအဒမ်စ်၊ ရိုကာ၊ အာရွန်ဆင်တို့ကို အမာခံထားပြီး ချဲလ်ဆီးကို ရင်ဆိုင်ခဲ့ပါတယ်။
ပွဲစစချင်း ၁ မိနစ်မပြည့်ခင်မှာပဲ စတာလင်က တစ်ကိုယ်တော်ဆဲပြေးပြီး ကန်သွင်းခဲ့မှု ကန်ချက်ကောင်းပေမဲ့ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။ ပွဲအစပိုင်းကတည်းက နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ပွဲက ကြည့်ကောင်း ခဲ့ပါတယ်။
၁၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ စတာလင် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ သိသိသာသာ လူကျွံ့နေခဲ့လို့ ချဲလ်ဆီး နစ်နာခဲ့ရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးရဲ့တိုက်စစ်ပိုင်းက စတာလင်ရဲ့တစ်ကိုယ်တော် ထိုးဖောက်မှု၊ ရုန်းအားတွေကိုပဲ အားကိုးနေရပြီး ဟာဗက်ဇ်၊ မစ်ဆန်မောင့်တို့က အစွမ်းမပြနိုင်ခဲ့ပါဘူး။ ဂျော်ဂျင်ဟို၊ ဂါလက်ချာတို့ကို တွဲပေးထားတဲ့ ကွင်းလယ် ပိုင်းကတော့ အဆိုးရွားဆုံးပါ။

တိုက်စစ်ကို ဘယ်လိုမှ ပံ့ပိုးမှု မပြုလုပ်နိုင်ခဲ့သလို လိဒ်စ်ကွင်းလယ်ပိုင်းကိုလည်း အသာမရခဲ့ပါဘူး။ လိဒ်စ်ကတော့ အတင်းဝင်၊ အတင်းဖျက်ပုံစံနဲ့ ချဲလ်ဆီးကို မာမာထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ လိဒ်စ်ရဲ့ တုံ့ပြန်ပုံအောက်မှာ ချဲလ်ဆီး ကစားကွက်တည်မရဖြစ်ကာ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးခံစစ်ကြောင်းမှာ ကူလီဘာယီ၊ ဆေးလ်ဗားတို့ပုံစံကောင်းပြနေလို့ လိဒစ်တိုက်စစ်ဆင်မှုတွေကလည်း အရာမရောက်ခဲ့ပါဘူး။ ပွဲချိန် ၃၃ မိနစ်မှာတော့ ချဲလ်ဆီးဂိုးသမားမန်ဒီက Build up ပြုလုပ်စဉ်မှာ ရူးကြောင်ကြောင်နိုင်တဲ့ အမှားကို ကျူးလွန်ခဲ့ပြီး လိဒ်စ်တိုက်စစ်ပိုင်းက အာရွန်ဆင်က ဘောလုံးကို ပြေးဝင်လုကာ လိဒ်စ်အတွက် အဖွင့်ဂိုးသွငးယူပေးခဲ့ပါတယ်။
မထင်မှတ်တဲ့ အနေအထားကနေ ဂိုးရရှိခဲံပြိးနောက် လိဒ်စ်တို့စိတ်ဓာတ်တက်သွားခဲ့ပြီး ချဲလ်ဆီးကို အကောင်းဆုံး တိုက်စစ်ဆင် ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် နောက် ၄ မိနစ်အကြာမှာပဲ ပြစ်ဒဏ်ဘောကနေတစ်ဆင့် တိုက်စစ်မှူး ရိုဒရီဂိုကေ ခါင်းတိုက်ပြီး လိဒ်စ်အတွက် ဒုတိယမြောက်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒီပွဲမှာ ကူကူရယ်လာ၊ လော့တပ်ချပ်စ်တို့ရဲ့ Wing Back တွေဆီက ဘောလုံးမထွက်လို့ ချဲလ်ဆီး တိုက်စစ် လမ်းကြောင်းတွေအားလုံး သေနေခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးကို တိုက်စစ်ဆင်ကာ ဖိအားပေးကစားခဲ့ပေမဲ့ မာမာထန်ထန် ပိတ်ဆို့ထားတဲ့လိဒ်စ်ခံစစ်ကြောင်းကို ထိုးဖောက်ရခက်နေခဲ့ရပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာ ခဲျဲလ်ဆီးဟာ ဇီးယက်ချ်၊ ပူလီဆစ်တို့ကို ထည့်သွင်းကာ တိုက်စစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးရဲ့ တိုက်စစ်ကစားပုံက တက်လာခဲ့ခြင်းမရှိဘဲ မထိရောက်တဲ့ အဝေးကန်ချက်တွေနဲ့သာ လိဒ်စ်ဂိုးပေါက်ကို ခြိမ်းခြောက်နေရပါတယ်။
၆၉ မိနစ်မှာတော့ ဟာရီဆန်က လိဒ်စ်အတွက် ပွဲသိမ်းဂိုးကို သွင်းယူပြီး အနိုင် ၃ မှတ်ရှာဖွေပေးခဲ့ပါတယ်။ အဲဒီနောက် ၈၄ မိနစ်မှာ လိဒ်စ်တိုက်စစ်ဆင်မှုကို ဟန့်တားရင်း အားထားရတဲ့ နောက်ခံလူ ကူလီဘာယီ နှစ်ဝါ၊ တစ်နီနဲ့ အထုတ်ခံခဲ့ရတာက ချဲလ်ဆီးအတွက် အရှုံးပေါ် အရှုံးထပ်ဖြစ်ခဲ့ရပါတယ်။