မန်ယူအသင်းသားတွေရဲ့ နိုင်ပွဲ၊ ရက်ဖို့ဒ်၊ အန်တိုနီ၊ ကလော့ပ် ပွဲပြီးစကားနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု
မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လီဗာပူး အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင် ရရှိပြီး ရာသီသစ် အတွက် ပထမဆုံး နိုင်ပွဲ၊ နည်းပြသစ် အဲရစ်တန်ဟတ် အတွက် ပထမဆုံး နိုင်ပွဲ ကို ယူဆောင် ပေးခဲ့ပါတယ်။
ယူနိုက်တက် အတွက် ဂျေဒန် ဆန်ချို နဲ့ ရက်ဖိုဒ့် တို့က ၁ ဂိုးစီ သွင်းပေး ခဲ့ကြတာ ဖြစ်ပြီး လီဗာပူး အတွက် ကိုတော့ မိုဟာမက် ဆာလာ က သွင်းယူ ပေးခဲ့ပါတယ်။
မန်ယူနည်းပြ တန်ဟက်ကတော့ လီဗာပူးကို နိုင်တဲ့ ပွဲရလဒ်ဟာ နည်းစနစ်ပိုင်းထက် အသင်းသားတွေ စိတ်ဓာတ်ပိုင်းကြောင့်ဖြစ်တယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ်ကတော့ သူတို့ ကစားပုံသာ အခုထက် နည်းနည်းပိုကောင်းခဲ့ရင် အိုးထရက်ဖို့ဒ်မှာ အနိုင်ရတဲ့ အသင်းက လီဗာပူး ဖြစ်ခဲ့သင့်တာ လို့ ပြောဆိုသွားခဲ့ပါတယ်။
မန်ယူနိုက်တက် ဟာ ပွဲမစခင် မှာ ရီးရဲ မက်ဒရစ် ကနေ ပြောင်းရွှေ့ လာတဲ့ ( ၄ နှစ် စာချုပ် ) ကွင်းလယ်လူသစ် ကက်စမဲရိုး ကို မိတ်ဆက်ပွဲ ပြုလုပ် ပေးသွားခဲ့ ပါတယ်။
မန်ယူ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ပီအက်စ်ဂျီ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သူ့အတွက် အမြန် ကမ်းလှမ်းမှု ပြုလုပ်ဖို့လည်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်ယီ ရဲ့ မာဆေး အသင်းထံ ပြောင်းရွှေ့မှု ဟာ ပြီးမြောက် ခဲ့ပြီလို့ ကြားသိရပါတယ်။ မာဆေး ဟာ အိုင်ဗရီကိုစ့် ခံစစ်မှူး ကို အငှား နဲ့ ခေါ်ယူ ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပါက ယူရို ၁၀ သန်း ဝန်းကျင် နဲ့ အပြီးသတ် ဝယ်ယူနိုင်မယ့် အချက်လည်း ပါရှိတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနီ နဲ့ ပီအက်စ်ဂျီတောင်ပံကစားသမား ဂတ်ပိုခ်တို့နှစ်ဦးစလုံးကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ယူအသင်းက နှစ်ဦးစလုံးကို ခေါ်ယူလို့ရရင် နှစ်ယောက်စလုံးကို ခေါ်ယူသွားမှာလို့ သိရပါတယ်။
အေဂျက်ဇ်ကလည်း အန်တိုနီ ကို မန်ယူနိုက်တက် ထံ ပေါင် သန်း ၉၀ ဝန်းကျင် နဲ့ ရောင်းထုတ်ပြီး ဇီယက်ချ် ကို အစားထိုး ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။