မန်ယူရဲ့ တိုက်စစ် ပစ်မှတ်ကို အွန်နရီ လက်သစ်ဆိုပြီး ဝင်ချိတ်လာတဲ့ အာဆင်နယ်အသင်း

အာဆင်နယ် အသင်းအနေနဲ့ ဒီရာသီမှာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ကစားသမားတွေက ထင်သလောက် မပြည့်စုံသေးတာကို တွေ့ရပြီး တောင်ပံတိုက်စစ်မှာ ပါးပါးနပ်နပ် အင်အားနဲ့အားနဲ့ ကစားနိုင်မယ့်သူတစ်ဦး လိုအပ်နေသေးတာဖြစ်ပါတယ်။

ဈေးကွက် မပိတ်ခင်မှာ အာဆင်နယ် က ကစားသမားသစ်တွေ ခေါ်ယူနိုင်သေးကြောင်း နည်းပြ အာတီတာက အရိပ်အမြွက် ဆိုထားပြီး နောက်ဆုံး သတင်းတွေ အရ မန်ယူ ပစ်မှတ် တိုက်စစ်သမားကို အာဆင်နယ်ကလည်း ချိန်ရွယ်နေပြီလို့ သိရပါတယ်။

အာဆင်နယ်က ယူနိုက်တက် ပစ်မှတ် ဖြစ်တဲ့ ပီအက်စ်ဗီရဲ့ ကိုဒီ ဂတ်ပိုကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဂတ်ပိုဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် သီယာရီ အွန်နရီနဲ့ တူသူလို့ ဂန်းနားတွေ ဘက်က စောင့်ကြည့်သူတချို့က သတ်မှတ်ထားချိန်မှာ မန်ယူတို့ဘက်ကတော့ သူတို့ရဲ့ ဒတ်ချ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းနဲ့ ရော်ဘင် ဗန်ပါစီတို့ ပေါင်းစပ်ထားသူလို့ ချီးကျူး နေကြပါတယ်။

ဂတ်ပိုရဲ့ ပီအက်စ်ဗီနဲ့ အနာဂတ်ကတော့ လက်ရှိအချိန်အထိ မသေချာသေးဘဲ သူတို့အနေနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့ အဝေးကွင်းမှာ စကော့တလန်ကလပ် ရိန်းဂျားစ်နဲ့ သရေကစားနိုင်ခဲ့ချိန်မှာ အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်ထားခဲ့တဲ့ UEFA ကြောင့် နှစ်သင်းကြားမှာ အိမ်ကွင်းပရိသတ်ကလွဲရင် ထူးခြားတဲ့ အားသာချက်မရှိဘဲ ကစားရဦးမှာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ချန်ပီယံလိဂ်ဆက်ကစားခွင့်ကို ရသွားမလား၊ ရသွားခဲ့ရင် ရွေးချယ်ပြီး အသင်းမှာပဲ ဆက်နေမှာလားဆိုတာနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဝင်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကို ပြောင်းရွှေ့မလားဆိုတာ ဒီည Play-off ပွဲစဉ်ကို စောင့်ကြည့်ရမှာပါ။

အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အရပ် ၆ ပေ ၂ လက်မရှိတဲ့ ကစားသမားကို သူတို့ရဲ့ တိုက်စစ်နဲ့ ဘယ်တောင်ပံမှာ အွန်နရီလိုမျိုး မာမာထန်ထန် အသုံးချနိုင်ဖို့ အစီအစဉ် ရေးဆွဲထားတယ်လို့ သတင်းထွက်နေပြီး ယူနိုက်တက်တို့ကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာသွားမယ့် အထောင်စစ်စစ်မှာ နေရာပေးဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ သူ့ရဲ့ ကစားသမားဟာ ပီအက်စ်ဗီအသင်းအပေါ် အာရုံစိုက်ပြီး အကောင်းဆုံး ခြေစွမ်းပြဦးမယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းက ပြောကြားထားပြီး သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတာဟာ နှစ်လ ရှိပြီဖြစ်လို့ သူ့အတွက်တော့ ဘာပဲဖြစ်ဖြစ် ရိုးနေပြီလို့ပဲ ဆိုထားပါတယ်။

ဈေးကွက်ပိတ်ချိန်မှာ ဂတ်ပို ကို ရတဲ့ အသင်းကတော့ အဆင့် ၄ အတွင်း ဝင်ဖို့ ခြေလှမ်းကောင်း တစ်ရပ် ထပ်မံ ရှေ့တိုးနိုင်လိုက်တယ် လို့ သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။