တွမ်မီနေး အကြိမ်ကြိမ် လက်ထိတာတောင် မန်ယူတို့ ပင်နယ်တီ မပေးရတာကို ဘောလုံးပရိသတ်တွေ နားမလည်နိုင် ဖြစ်နေ

ဘောလုံး ပရိသတ်တွေကတော့ ဆောက်သမ်တန်နဲ့ ယူနိုက်တက်ပွဲမှာ တွမ်မီနေး အကြိမ်ကြိမ် လက်ထိဘောတွေ ဖြစ်ခဲ့တာတောင် မန်ချက်စတာ ယူနိုက်တက်တို့ ပင်နယ်တီ မပေးခဲ့ရတဲ့အပေါ် နားမလည်နိုင်ဖြစ်နေကြကြောင်း သိရှိရပါတယ်။

ဒီပွဲမှာ ယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒုတိယပိုင်းမှာ ပင်နယ်တီပေးရလောက်တဲ့ အနေအထားမျိုးနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဆောက်သမ်တန် ကစားသမား ချီအဒမ်စ်နဲ့ ဘောလုံးယှဉ်လုတဲ့နေရာမှာ တွမ်မီနေး ပင်နယ်တီဧရိယာအတွင်း လက်နဲ့ထိခဲ့တာပါ။

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က ဒါကို ပြတ်ပြတ်သားသား မျက်ကွယ်ပြုခဲ့ပြီး ပင်နယ်တီအဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ တွမ်မီနေးဟာ ချီအဒမ်စ်ဆီက ဘောလုံးကို ဝင်လုဖို့ ကြိုးစားရင်း ချီအဒမ်စ် ရင်ဘတ်ကနေ ကျလာတဲ့ ဘောလုံးကို လက်နဲ့ထိခဲ့တာဖြစ်ပါတယ်။ တွမ်မီနေးဟာ လက်နဲ့တကြိမ်သာ ထိခဲ့တာမဟုတ်ပါဘူး။

ဘောလုံးယှဉ်လုနေရင်း ခန္ဓာကိုယ်ဟန်ချက်ကို နောက်တကြိမ် ပြန်လည်ထိန်းညှိဖို့ ကြိုးစားနေရင်းနဲ့ပဲ ဘောလုံးကို လက်နဲ့ ထပ်မံထိခဲ့ပြန်ပါတယ်။ ချီအဒမ်စ်နဲ့ ဆောက်သမ်တန်အသင်းသားတွေကတော့ ပင်နယ်တီပေးဖို့ ဒိုင်လူကြီးကို စောဒကတက်ခဲ့ကြပေမယ့် ဒိုင်လူကြီးကတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ပရိသတ်တွေကတော့ “ကိုယ့်လူရေ ဒါ ဘတ်စကတ်ဘော ကစားသွားတာပဲ”

“ဘောလုံးနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကိုလည်း ငါ တကယ် နားမလည်တော့ပါဘူး”

တွမ်မီနေးက ဘောလုံးကို လက်နှစ်ဖက်နဲ့ လှည့်ပတ်ပြီး ကစားသွားခဲ့တာပဲ” စသဖြင့် မျိုးစုံလှောင်ပြောင်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အတွက်တော့ ပင်နယ်တီ မပေးခဲ့ရတဲ့ ဒီဖြစ်ရပ်က ကံကောင်းခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ အခု ပွဲစဉ်မှာ ဒီရာသီအတွက် ပထမဆုံး ပေးဂိုး မရှိ နိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။