ဂရီလစ်ရှ် ကို ဥပမာပြပြီး ယူရို သန်း ၁ဝဝ တန် မန်ယူတိုက်စစ်မှုးသစ် အန်တိုနီ ကို သိပ်မမျှော်လင့်ကြဖို့ ဖာဒီနန် သတိပေး
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က အသင်းရဲ့ တိုက်စစ်ကစားသမားသစ် အန်တိုနီအနေနဲ့ အသင်းမှာ အံဝင်ဖို့ အချိန်လိုအပ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ အန်တိုနီကို ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။
အေဂျက်စ် တောင်ပံကစားသမားဟာ လက်ရှိ မန်ယူ နည်းပ အဲရစ်တန်ဟက် စင်တင်ပေးခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ တန်ဟက် ယူနိုက်တက်ကို ပြောင်းရွှေ့ချိန်မှာ တန်ဟက် သာ အလိုရှိရင် ယူနိုက်တက်ကို လာရောက်မယ့်အကြောင်း ပြောကြားခဲ့သူပါ။
အန်တိုနီကိုခေါ်ယူဖို့ ယူနိုက်တက်တို့ အသည်းအသန်ကြိုးစားခဲ့ရပြီး ကစားသမားကိုယ်တိုင်ကလည်း အေဂျက်စ်မှာ ဆန္ဒပြကာ အသင်းပြောင်းရွှေ့ခွင့် တောင်းခံခဲ့ရကာ အဆုံးမှာတော့ မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှုးသစ် အန်တိုနီနဲ့ပတ်သက်လို့ ဖာဒီနန်က “ပြောင်းရွှေ့ကြေးက အန်တိုနီအတွက် ဖိအားပါ၊ မာတီနက်ဇ် လည်း ရှိပေမယ့် သူက အဲ့ဒီလိုဖိအားဒဏ်မခံရပါဘူး။ သူ ယူနိုက်တက်ကို ရောက်လာတဲ့ ပြောင်းရွှေ့ကြေးက လူ သိပ်မမြင်ဘူးလေ။ အန်တိုနီကျတော့ ယူရိုသန်း (၁၀၀) ပါ။ ပြီးခဲ့တဲ့ရာသီက ဂရီလစ်ရှ်ကို ကြည့်လိုက်ပါ”
“ဂရီလစ်ရှ်အတွက်လည်း ဗီလာမှာ ကစားရတာနဲ့ မတူပါဘူး။ ဒီတော့ သူ့အတွက် ဖိအားဖြစ်လာပါတယ်။ သူက ပရီးမီးယားလိဂ် ဖလားကိုရခဲ့ပြီး ဘာပြဿနာမှမရှိတော့ပါဘူး။ ဒါပေမယ့် ကစားသမားတယောက်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်လာရင် ဖိအားရှိပါတယ်”
“သူတို့အတွက် အရင်ကလို လွတ်လွတ်လပ်လပ် ကစားနိုင်မှာ မဟုတ်ပါဘူး။ အန်တိုနီရဲ့အသက်က (၂၂) နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို ရေရှည်အတွက်ကြည့်ပြီးဝယ်တာပါ”
“ဒီတော့ရောက်လာတာနဲ့ သူ အဆင်သင့်ဖြစ်ပြီး ပထမဆုံးနေ့မှာတင် ခြေစမ်းပြဖို့ မမျှော်လင့်ကြပါနဲ့” လို့ ပြောကြားသွားခဲ့ပါတယ်။
အန်တိုနီဟာ ကြာသပတေးညမှာ ကစားမယ့် မန်ယူရဲ့ လက်စတာနဲ့ပွဲကိုတော့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။