ဒိုလေးနဲ့ ဘစ်ဆာကာ ကိစ္စ၊ ဂတ်ပို ကို လက်လျှော့ခြင်း၊ ပေါ့ဘာ မှော်အစီရင်များနဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကတော့ PSV တောင်ပံ ကစားသမား ကိုဒီ ဂတ်ပို ကို မကြိုးစားတော့ဘူးလို့ သိရပါတယ်။ လက်ရှိမှာ ဂတ်ပို ကို အဲဗာတန်၊ ဆောက်သမ်တန် နဲ့ လိဒ်ယူနိုက်တက် တို့က ခေါ်ယူဖို့ အပြိုင် ကြိုးစား နေတယ်လို့ သိရပါတယ်။

နည်းပြ တန်ဟက်ကတော့ အသင်းရဲ့ လက်ရှိ လူစာရင်းဟာ ဇန်နဝါရီ အထိ မပြောင်းလဲတော့ဘဲ ဒီအတိုင်း ရှိနေတော့မှာ ဖြစ်ကြောင်း ပြောဆိုကာ မန်ယူရဲ့ အပြောင်းအရွှေ့ သတင်းတွေကို အဆုံးသတ် ပေးလိုက်ပါတယ်။

ဒါပေမယ့် တန်ဟက် ပြောစကားအရ ဈေးကွက်ပိတ်ခါနီး အသင်းပြောင်း သတင်းတွေ ထွက်နေတဲ့ ဝမ်ဘစ်ဆာကာနဲ့ စီ ရော်နယ်ဒိုတို့ဟာ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆောင်းဈေးကွက်ကာလ အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဘစ်ဆာကာ ဟာ ဆာဂျီနို ဒက်စ် အပြောင်းအရွှေ့ အတွက် အလဲအထပ် ပါဝင်ဖို့ ဒီရက်ပိုင်း သတင်းထွက်နေခဲ့တာပါ။

နယူးကာဆယ် အသင်းရဲ့ ဂိုးသမား မာတင် ဒူဘရာကာ ကတော့ မန်ယူနိုက်တက် ထံ ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ခံယူဖို့ မန်ချက်စတာ ကို ရောက်ရှိ နေပြီလို့ သိရပါတယ်။

ပြင်သစ် ကွင်းလယ်သမား ပေါလ် ပေါ့ဘာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း (မန်ယူအသင်းနဲ့ အတူ ရှိနေစဉ်) မှာ ဒဏ်ရာပြဿနာတွေ ကနေ ကင်းလွတ်အောင် မှော်အစီအရင်တွေ အသုံးပြုခဲ့ပြီး ထို မှော်အစီအရင်တွေကို လုပ်ပေးခဲ့တဲ့ နတ်ဆရာကိုလည်း ငွေသန်းနဲ့ချီ ပေးခဲ့ကြောင်း ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်စ် ပေါ့ဘာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒါရင်းဘန့်ကတော့ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ထက် ပိုကောင်းတဲ့ နည်းပြတဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။