ဂါနာကို ရောင်းစေတဲ့ တန်ဟက်၊ ရော်နယ်ဒို၊ အန်တိုနီ နံပါတ်၊ နည်းစနစ်ဒါရိုက်တာ ပက်ဂျီဆန်နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမားသစ် အန်တိုနီ ကတော့ အသင်းသစ်မှာ ကျောနံပါတ် ၂၁ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ် ။

ဂျိမ်းစ် ဂါနာကို ရောင်းထုတ်ဖို့ နည်းပြ တန်ဟက်က အဓိက ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် လူငယ်ကြယ်ပွင့်ကို ရောင်းထုတ်ခဲ့မှုက မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အံ့အားသင့်စေခဲ့ပြီး အများစုက ပြီးခဲ့တဲ့ရာသီမှာ နော်တင်ဟမ် ဖောရက်စ်ကို တန်းတက်နိုင်အောင် ကူညီပေးခဲ့ပြီးနောက် ဒီရာသီမှာ ပါဝင်ကစားခွင့်ရရှိမယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ၎င်းရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လူမှုကွန်ယက်ကနေ ပြသခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲကြီးပွဲကောင်း မတိုင်ခင် လေ့ကျင့်ရေးလုပ်နေတဲ့ဓာတ်ပုံတွေကို ‘ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားနေတယ်” ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့တာ ဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့အတွင်း မန်ယူ၊ အာဆင်နယ်၊ လိဒ်ယူနိုက်တက်၊ ဆောက်သမ်တန်အသင်း အစရှိတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ တိုက်စစ်ကစားသမားလေး ကိုဒီ ဂတ်ခ်ပိုဟာ အပြောင်းအရွှေ့ မဖြစ်ခဲ့တဲ့နောက် ပီအက်စ်ဗီအသင်းနဲ့ပဲ ကာလရှည်သက်တမ်းရှိ စာချုပ်သစ်တရပ် ချုပ်ဆို သွားတော့မယ်လို့ သိရပါတယ်။

မန်ယူ ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က အန်တိုနီကို ခေါ်ယူလိုက်တာက တကယ်ကောင်းတဲ့ အပြောင်းအရွှေ့ဖြစ်ပြီး တန်ဟက်ရဲ့အသင်းမှာ အထိုင်ကျလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ အန်တိုနီဟာ ယူနိုက်တက် နဲ့ ၅ နှစ်စာချုပ်ချုုပ်ဆိုခဲ့တာဖြစ်ပြီး အေဂျက်ကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ တောင်ကိုရီးယားကွင်းလယ်ကစားသမား ပက်ဂျီဆန်က ကိုရီးယားလိဂ်ရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ ဂျီအွန်ဘက်ဟွန်ဒိုင်းမော်တာ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ရာထူးကို တာဝန်ယူလက်ခံလိုက်ပြီ ဖြစ်ပါတယ်။