ဒီည အာဆင်နယ်နဲ့ပွဲ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာ ပါချင်လို့ အသံပေးနေတဲ့ စီ ရော်နယ်ဒို

ဒီည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး မန်ယူ ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို ကတော့ ပါဝင် ကစားချင်လို့ အသံပြုနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ဆိုရှယ်မီဒီယာတွေမှာ အာဆင်နယ်နဲ့ပွဲအတွက် ကြိုတင် ပြင်ဆင်နေပုံတွေကို တင်ထားပြီး “အလုပ်ကြိုးစားခြင်း” လို့ ရေးသားထားခဲ့ကြောင်း သိရှိရပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီကစားသမားက ပရော်ဖက်ရှင်နယ် ပီပီသသနဲ့ပဲ အသင်းနဲ့ ပူးပေါင်း လေ့ကျင့်လျက်ရှိပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် (၅) ပွဲကစားပြီးချိန်မှာ တပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲထွက်ခွင့်ရခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း ယူနိုက်တက်က ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။

အဲ့ဒီနောက် နောက်ဆုံးကစားခဲ့တဲ့ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာ သုံးပွဲဆက်တိုက်မှာ ရော်နယ်ဒိုက ပွဲထွက်ခွင့်မရရှိခဲ့ဘဲ အရံခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ဒီသုံးပွဲလုံးမှာ ယူနိုက်တက်တို့ နိုင်ပွဲရရှိခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ပွဲပြီးခါနီး နောက်ပိုင်းမိနစ်တွေမှသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ လက် ရှိအချိန်မှာ တန်ဟက်ခ် စိတ်ကြိုက်တိုက်စစ်မှူး မာရှယ်လ် ဒဏ်ရာရရှိနေပါတယ်။ ဒါ့အပြင် တိုက်စစ်ကစားသမား အန်တိုနီလည်း အသင်းကို ရောက်လာခဲ့ပါပြီ။

ရော်နယ်ဒိုအနေနဲ့ ဒီကစားသမားနှစ်ယောက်ကြောင့် အခုထက် ပိုမိုနေရာပျောက်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပြန်ကစားပေးလိုနေပြီး အခုလိုပဲ အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရဖို့ သွယ်ဝိုက် သတိပေးလိုက်ပုံရပါတယ်။

ဒါပေမယ့် တန်ဟက်ခ်ကတော့ သူ့အသင်းရဲ့အထိုင်ကို ဖျက်ဖို့မရှိဘဲ ရော်နယ်ဒိုအနေနဲ့ ကြားရက်မှာ ကစားမယ့် ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲ၊ ဆိုစီဒက်နဲ့ပွဲမှသာ ပွဲထွက်ခွင့်ရနိုင်ပါတယ်။