အများကြီး ဆက်လုပ်ပြဦးမယ်၊ ဒါ အစပဲ ရှိသေးတယ်လို့ ယူနိုက်တက်အတွက် ပွဲဦးထွက် ဂိုးသွင်းပြီး အန်တိုနီ ကြွေးကြော်
အေဂျက်ဇ်ကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပထမဆုံး ဝင်ရောက်ကစားခဲ့တဲ့ ညက အာဆင်နယ်နဲ့ ပွဲမှာပဲ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အသင်းဖော် ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကတဆင့် အန်တိုနီက ဧရိယာထဲမှာ ဂိုးသမားနဲ့ အနီးကပ်ရင်ဆိုင်ခဲ့ရပြီးနောက် သူ့ရဲ့ ကန်သွင်းနေကျပုံစံအတိုင်း သွင်းယူကာ ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အန်တိုနီကို နည်းပြတန်ဟက် က ချက်ချင်းပဲထည့်သွင်းအသုံးပြုခဲ့လို့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါသေးတယ်။ ကစားသမားသစ်တဦးကို အရေးကြီးတဲ့ပွဲစဉ်မှာ ထည့်သွင်းခဲ့တာဖြစ်ပြီး အန်တိုနီကတော့ သူ့အပေါ်ယုံကြည်မှုပေးခဲ့တဲ့ တန်ဟက်ဂျ်ကို အရေးပါတဲ့ ဦးဆောင်ဂိုး တဂိုးသွင်းယူကာ တုံ့ပြန်ခဲ့ပြီး ပထမဆုံးပွဲမှာပဲ အသင်းသစ်အတွက် ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အန်တိုနီက “တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ နေ့ တနေ့ပါ၊ အသင်း ဝန်ထမ်းအားလုံးနဲ့ အသင်းဖော်တွေ အားလုံးကို ကျနော် တကယ်ကျေးဇူးတင်ပါတယ်၊ ဒီနေ့ကို ကျနော်ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
ကျနော့်ကို အခုလိုမျိုး ကြိုဆိုပေးခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေကြောင့်လည်း ဒီလိုလုပ်နိုင်ခဲ့တာပါ၊ ဒီထက် အများကြီးလုပ်နိုင်ဖို့အတွက် ဆက်သွားကြရပါမယ်၊ အခုမှ အစပဲရှိပါသေးတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေး ပြောဆိုခဲ့ပါတယ်။
အန်တိုနီဟာ အေဂျက်ဇ်မှာ နည်းပြ တန်ဟက် နဲ့လက်တွဲခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဈေးကွက် နောက်ဆုံးရက်တွေ အတွင်းမှာ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ဖို့အတွက် အသင်းပွဲစဉ်တွေကိုတောင်မှ ဝင်မကစားပေးတဲ့ အထိ သူ့ဆန္ဒကို ပြသခဲ့သူလည်းဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိပြီးနောက်မှာတော့ ပထမဆုံးပွဲကို အာဆင်နယ်နဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ဝင်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီနိုင်ပွဲနဲ့အတူ ယူနိုက်တက်ကတော့ နောက်ဆုံး ၄ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားအပေါ်ပိုင်းကို ပြန်တက်ရောက်လာနိုင်ခဲ့ပါတယ်။
ထိပ်ဆုံးက အာဆင်နယ်နဲ့ ၃ မှတ်သာကွာဟတော့တဲ့ အနေအထားကို ပြန်ရောက်လာခဲ့ကာ ရာသီအစ အဖွင့်ပွဲ ၂ပွဲ ဆက်တိုက် ရှုံးနိမ့်မှုကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။