ချဲလ်ဆီး ဂိုးသမား မန်ဒီ ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲလိုက်တဲ့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်

ဝက်စ်ဟမ်း နည်းပြ မိုယက်စ်ကတော့ သူ့အသင်း ချဲလ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက် ဂိုးသမား မန်ဒီ ဒိုင်ဗင်ထိုးခဲ့တယ်လို့ ဒေါသတကြီး စွပ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းတို့ ပွဲပြီးခါနီး နောက်ကျ ချေပဂိုးရခဲ့ပေမယ့် ပြန်လည် ပယ်ဖျက်ခံခဲ့ရတာပါ။

ရီစီဂျိမ်းစ် ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဘိုဝင်ဖြတ်ယူဖို့ အလုပ် မန်ဒီနဲ့ ရင်ဆိုင်တွေ့ခဲ့အပြီး ပြန်လျှံ ထွက်လာတဲ့ ဘောလုံးကို လူစားဝင်ကစားသမား ကော်နက်က အပိုင် အဆုံးသတ်ခဲ့တာပါ။ ဒါပေမယ့် မန်ဒီက ဒဏ်ရာရသွားသလို လှဲချခဲ့တဲ့နောက် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကော်နက်ရဲ့ သွင်းဂိုးကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ဝက်စ်ဟမ်းကလည်း အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ မိုယက်စ်က ကွင်းအတွင်းဝင်ကာ ဒိုင်လူကြီးတွေကို စောဒကတက်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲအပြီး အင်တာဗျူးမှာလည်း ဒီစကော့တလန်သား နည်းပြကြီးက “မန်ဒီက ဒိုင်ဗင်ထိုးသွားတယ်လို့ ကျနော် တကယ်တွေးမိပါတယ်။ သူက ဘောလုံးဆုံးရှုံးသွားတာနဲ့ တပြိုင်နက် ဒဏ်ရာရချင်ယောင်ဆောင်သွားခဲ့တာပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ အန်တိုနီယိုကလည်း အနီကတ်မထိခဲ့တဲ့အပေါ် ချဲလ်ဆီးပရိသတ်တွေက ပြန်လည် ထောက်ပြခဲ့ပါတယ်။ အန်တိုနီယိုက ဒီပွဲမှာ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းပြီး ဘင်ချီဝဲလ်နဲ့ဟာဗက်ဇ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။