မန်ယူအသင်း ဒီရာသီ Top 4 ဝင်မလား ဆိုတဲ့အပေါ် အမြင်တွေ မတူကြတဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ ညက မန်ယူရဲ့ အာဆင်နယ်ကို ၃-၁ နဲ့ နိုင်တဲ့ ပွဲ အပြီးမှာ သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် top 4 ကို သေချာပေါက် ဝင်ရောက်နိုင်မှာ လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဒီရာသီမှာ ဘရိုက်တန် ဘရန့်ဖို့ဒ် တို့ကို ရှုံးကာ တာထွက်ခဲ့တဲ့ မန်ယူနိုက်တက်ဟာ မနေ့ညက အိုးထရပ်ဖို့ဒ်မှာ ဇယားထိပ်က အာဆင်နယ်ကို နိုင်ခဲ့တဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။
လက်ရှိမှာ မြင်တွေ့နေရတဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လက ဘရန့်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ အသင်းနဲ့ တခြားစီ ဖြစ်နေတာကို တွေ့ရပြီး တန်းဟတ်ရဲ့ အသင်းဟာ လက်ရှိမှာ ဇယားထိပ်ဆုံးက အသင်းနဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။

ကစားသမားသစ် အန်တိုနီက သူ့ရဲ့ ပွဲဦးထွက်မှာတင် ဂိုးရခဲ့သလို ရော်နယ်ဒို ကလည်း အရန်ခုံကနေထလာပြီးနောက် အသင်းအတွက် ကောင်းကောင်း အကျိုးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။ ရွိုင်ကိန်းက လက်ရှိ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူနိုင်ဖို့ အတွက် လုံလောက်တဲ့ လူအင်အား ရှိနေတယ်လို့ ယူဆနေပါတယ်။
ကိန်းက “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ top 4 ကို သေချာပေါက် ဝင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ အခုချိန်မှာ လုံးဝကို တောင့်တင်းပြီး အထိုင်ကျနေတဲ့ လူစာရင်းကို ပိုင်ဆိုင်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ သူတို့ဟာ အသင်းမှာ ပျော်ရွှင်မှု မရှိတဲ့ ကစားသမား အများအပြားကို ရှင်းထုတ်ပစ်နိုင်ခဲ့ပါတယ်။ မန်နေဂျာ ကလည်း ကလပ်မှာ အထိုင်ကျလာခဲ့ပြီး ဒီနေ့မှာ အရန်ခုံတန်းက သူ့ရဲ့ option တွေကို ခင်ဗျားတို့ တွေ့ရမှာပါ။” လို့ ဆိုခဲ့တာပါ။
ကိန်းရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ဂယ်ရီနဗီး ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ၃၈ ပွဲ ကစားရတဲ့ ရာသီတစ်ခုမှာ သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ match ဖြစ်နိုင်ဖို့ အတွက် ဆိုရင် ဒီထက် အများကြီး တိုးတက်ဖို့ လိုသေးတယ်လို့ ဆိုခဲ့ပါတယ်။
နဗီးက “လီဗာပူး မကြာခင် ပုံစံကောင်းနဲ့ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူတို့ လုပ်ပြထားတဲ့ အရာတွေကြောင့် ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက်ဟာ top 4 ဝင်ခွင့် ရဖို့ အတွက် ရုန်းကန် ရလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ်ကို အနိုင်ရခဲ့ပြီးနောက် မန်ယူနည်းပြ အဲရစ်တန်ဟတ်ကတော့ သူ့အသင်း ပြသခဲ့တဲ့ တိုးတက်မှု အပေါ် ဝမ်းမြောက်မိတယ်လို့ ဆိုခဲ့ပေမယ့် ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။