တူချယ် ထုတ်ပယ်ခံရခြင်း၊ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားသူများ၊ ပေါ်တာ အတွက် မီးစိမ်းပြမှုနဲ့ ယနေ့ ချဲလ်ဆီး အထူးသတင်းများ
ချဲလ်ဆီး အသင်းဟာ ချန်ပီယံလိဂ် ရာသီသစ် အုပ်စု အဖွင့်ပွဲမှာ ခရိုအေးရှား ချန်ပီယံ ဒိုင်နမိုဇာဂရက် အသင်းကို အဝေးကွင်းမှာ ပွဲချိန် ၁၃မိနစ်မှာ ပေးခဲ့ရတဲ့ တလုံးတည်းသော ပေးဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ အဝေးကွင်း ၃ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုရှုံးပွဲ အပြီး ၂၄နာရီ မပြည့်ခင်မှာပဲ ချဲလ်ဆီးအသင်းဟာ နည်းပြ တူချယ်ကို အံံ့အားသင့်ဖွယ် ထုတ်ပယ်လိုက်ပါတယ်။ ချဲလ်ဆီးက ထိုပွဲရလဒ် ဘယ်လိုပင် ဖြစ်ပါစေ နည်းပြ တူချယ်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပယ်ဖို့ စီစဉ်ထားတယ်လို့လည်း အင်္ဂလန် သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။

တူချယ် ထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီး အသင်း နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးကတော့ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာ ဖြစ်ပါတယ်။
ဘရိုက်တန် အသင်းဟာ ၎င်းတို့ရဲ့ နည်းပြ ဂရေဟမ် ပေါ်တာကို ချဲလ်ဆီး အသင်းနဲ့ ဆွေးနွေးခွင့် အတွက် မီးစိမ်းပြလိုက်ကြောင်း တယ်လီဂရပ်ဖ် မတ်လော က အတည်ပြုလိုက်ပါတယ်။ ပေါ်တာ ဟာ ယနေ့ ဗြိတိန် စံတော်ချိန် နေ့ခင်းဖက်မှာ ချဲလ်ဆီး ပိုင်ရှင်သစ်တွေနဲ့ ရာထူးသစ် ကိစ္စ အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း Sky Sports က ဖော်ပြထားပါတယ်။

ဂရေဟမ်ပေါ်တာ အပြင် ချဲလ်ဆီးရဲ့ နည်းပြ လောင်း စာရင်းထဲမှာ အသင်းလက်မဲ့ ဖြစ်နေဆဲ ထိပ်သီးနည်းပြ နှစ်ဦး ဖြစ်တဲ့ ပိုချက်တီနို နဲ့ ဇီဒန်းတို့လည်း ပါဝင်နေပါတယ်။
ချဲလ်ဆီး ဂိုးသမား အဒ်ဝပ် မန်ဒီ လက်စွမ်းကျဆင်းလာတာက ချဲလ်ဆီး အသင်း အတွက် ပြသနာကြီး တစ်ရပ် ဖြစ်လာနေပြီ လို့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က သုံးသပ်သွားပါတယ်။

BT Sport ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ မန်စီးတီး ကစားသမားဟောင်း ၂ဦး ဖြစ်တဲ့ လက်စ်ကော့၊ အိုဝင် ဟားဂရေ့ဗ်စ်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်တို့က အတွေ့အကြုံ နုသေးတဲ့ ဖိုဖာနာရဲ့ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ထင်မြင်ချက် ကိုယ်စီနဲ့ ဝေဖန် ထောက်ပြသွားခဲ့ကြပါတယ်။