ချီးကျူးခံနေရတဲ့ ရက်ဖို့ဒ်၊ မန်ယူပွဲ ကိုင်မယ့် ဒိုင်၊ ကျားပုံစံ အောင်ပွဲခံတဲ့ အန်တိုနီနဲ့ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက် သတင်းများ

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျေမီကာရေဂါ ကတော့ မန်ယူ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ရဲ့ အရပ်အမောင်းအပေါ် စိုးရိမ်မိကြောင်း နောက်တစ်ကြိမ် ထုတ်ပြောရင်းနဲ့ အာဂျင်တိုင်းသားရဲ့ အခြား အရည်အသွေးတွေကိုတော့ ချီးကျူးသွားခဲ့ပါတယ်။

တိုင်ရဲလ် မာလာစီယာကတော့ ယူနိုက်တက်မှာ ဘယ်စွန်ခံစစ်အတွက် ဦးစားပေး ဖြစ်နေတဲ့ လုခ်ရှောနဲ့ ပွဲထွက်ခွင့် ပြိုင်ဆိုင်ရမယ့် အပေါ် သဘောကျကြောင်း ဖွင့်ဟလာပါတယ်။ နေ့စဉ်နဲ့ အမျှ ပြိုင်ဆိုင် ကြိုးစားနေပြီး နည်းပြက အသင်းအတွက် ကောင်းမယ့် ဆုံးဖြတ်ချက် ချပါလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးသစ် အန်တိုနီက အာဆင်နယ်နဲ့ ပွဲမှာ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တာက ကျားတစ်ကောင် ပုံစံ အောင်ပွဲခံခဲ့တာ ဖြစ်ပြီး သူ့သူငယ်ချင်းတွေက ကောင်းကောင်း သိကြပါတယ် လို့ MUTV နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာ ၂ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို ကြည့်ရတာ ယခင်နာမည်ကျော် တိုက်စစ်မှုး ကာလို့စ် တီဗက်စ် ကိုတောင် သတိရမိကြောင်း ရီယို ဖာဒီနန်က နှိုင်းယှဉ် ချီးကျူးခဲ့ပါတယ်။ ရက်ဖို့ဒ်ရဲ့ ဘောလုံး လိုက်ဟန်၊ ဂိုးသမားတွေကို ဒုက္ခများစေဟန်တိုပနဲ့ တိုက်စစ်မှုး တစ်ယောက် လုပ်ဆောင်ရမယ့် အခြေခံတွေကို အင်္ဂလန်သားက လုပ်ဆောင်ခဲ့တယ် လို့လည်း ဖာဒီနန်က ဆိုပါတယ်။

အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း အီယန်ရိုက်ကလည်း သူ့ အသင်းဟောင်းဖက် နှစ်ဂိုး သွင်းယူသွားနိုင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်ကစားသမားလေး မားကပ်စ် ရပ်ရှ်ဖို့ ကို အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်သားတွေကို ဦးစားပေးနေပြီး မက်ဂွဲရားထက် ဘိုင်လီက ပိုကောင်းခဲ့တာ လို့ ပြောဆိုနေကြတဲ့ အပေါ် လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါက ထူးထူးခြားခြား မက်ဂွဲရား ဘက်က ကာကွယ် တုန့်ပြန်ခဲ့ပါတယ်။ ဘိုင်လီက တောက်လျောက် ဒဏ်ရာရနေပြီး ခြေစွမ်းညံ့နေကာ သူ့ထက် မက်ဂွဲရားက ပိုကောင်းမွန်ခဲ့တယ် လို့ ကာရေဂါက ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ လာမယ့် ကြာသပတေးနေ့ည ကစားရမယ့် ရီးရဲလ်ဆိုဆီဒက်နဲ့ ယူရိုပါလိဂ် အုပ်စု ပွဲ ကို အီတလီ ဒိုင်လူကြီး မာကို ဒီ ဘယ်လို ကိုင်တွယ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ထို ဒိုင်လူကြီးဟာ မန်ယူ ပွဲတွေကို တစ်ခါမှ မကိုင်ဖူးသေးဘဲ ယခင်က ပရီးမီးယားလိဂ်မှ တော့တင်ဟမ်နဲ့ ဝက်စ်ဟမ်း အသင်းတွေကိုသာ တာဝန်ယူဖူးသူပါ။

အဲဗာတန်အသင်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ ဂျိမ်းစ် ဂါနာက ယူနိုက်တက် ပရိသတ်တွေထံသို့ နှုတ်ဆက်စာ အရှည်ကြီး တစ်ခုကို အင်စတာဂရမ်မှာ တင်သွားခဲ့ပါတယ်။ ၁၄နှစ်တာလုံး ကျင်လည်ခဲ့တဲ့ နေရာကနေ ထွက်ခွာခဲ့ရတာ အတွက် ခက်ခဲကြောင်းနဲ့ သူတေ့ွခဲ့တဲ့ အသင်းနည်းပြတွေ ဝန်ထမ်းတွေနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း ဂါနာက ဆိုခဲ့ပါတယ်။