တန်ဟက် ခေါ်လိုက်တဲ့ သွင်းဂိုး ၆ဝဝ ကျော် တိုက်စစ်မှုး၊ အသင်းရသွားတဲ့ မာတာ၊ ရက်ဖို့ဒ် စာချုပ်သစ်နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

နည်းပြ တန်ဟက်ဟာ ဒီနေ့ည ရီးရဲလ်ဆိုစီဒက်နဲ့ ယူရိုပါလိဂ် ပွဲ မတိုင်ခင်မှာ အကယ်ဒမီမှ လူငယ်ကြယ်ပွင့် သုံးယောက်ကို မန်ယူအသင်းကြီးရဲ့ လေ့ကျင့်ရေးဆီ ဖိတ်ခေါ်ခဲ့ပါတယ်။ ထို ၃ဦး ကတော့ နောက်ခံလူ တိုင်လာ ဖရက်ဒရစ်ဆန်၊ ကွင်းလယ်လူ ကော့ဘီးမိုင်နူးနဲ့ တိုက်စစ်မှူး ချာလီ မက်နေးလ် တို့ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်က မန်စီးတီးကနေ မန်ယူအသင်းထံ ပြောင်းလာခဲ့တဲ့ မက်နေးလ်ဟာ လူငယ်အဆင့်မှာ ဂိုး ၆၀၀ ကျော် သွင်းယူထားတဲ့ တိုက်စစ်မှုး ဖြစ်ပြီး ယူနိုက်တက်မှာ ထူးချွန်တဲ့မှတ်တမ်းတစ်ခု ရရှိထားတာပါ။ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စုစုပေါင်း ၆၃ ပွဲမှာ ၄၃ ဂိုး ရရှိ ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ကို ၅ နှစ် သက်တမ်း ရှိမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် စတင် ပြောဆို ဆွေးနွေး နေပြီလို့ သိရပါတယ်။

ဂန်းနားဟောင်းကြီး အီယန်ရိုက်က မားကပ် ရက်ဖို့ဒ် ဂိုးတွေပြန်သွင်းနေတာကို အထင်ကြီးနေပြီး နည်းပြသစ် အဲရစ်တန်ဟက် လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟာ လူသစ် အဖြစ် ပြန်လည် မွေးဖွားလာသလိုပဲလို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ်တို့ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း ဝင်နိုင်ပြီး အာဆင်နယ်ရဲ့စွမ်းဆောင်ရည်ကြောင့် ထိပ်ဆုံး ၄ သင်းနဲ့ လွဲချော်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ကတော့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ချဲလ်ဆီး နည်းပြဟောင်း သောမတ် တူချယ် အတွက် စိတ်မကောင်းကြောင်းနဲ့ ယခုအချိန်ဟာ နည်းပြတဦးကို ထုတ်ပယ်ဖို့ စောလွန်းသေးကြောင်း ဆိုစီဒက်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဝါရင့် စပိန်ကွင်းလယ်လူ ဟွမ် မာတာက တူရကီ ကလပ် ဂါလာတာစာရေးဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်း ခန့်အပ်တော့မယ့် နည်းပြ ဂရေဟမ် ပေါ်တာဟာ မန်ချက်စတာ ယူနိုက်တက် လို လူငယ်တွေ ရှိပြီး ပျိုးထောင်စရာတွေ ရှိတဲ့ အသင်းနဲ့ပဲ ပို ကိုက်ညီမယ်လို့ ပေါမာဆန်က သုံးသပ်လိုက်ပါတယ်။