စက်တင်ဘာ လကုန်ထိ ရပ်နားသွားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲတွေနဲ့ လာမယ့် အနေအထား

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ၂ ကွယ်လွန်သွားတာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA က အခုတပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အင်္ဂလန် ဘောလုံးလိဂ်တွေရဲ့ ပွဲစဉ်တွေ အားလုံးကို ရွှေ့ဆိုင်းဖို့ ရှိနေကြောင်း သိရပါတယ်။

ဗြိတိန်သမိုင်းမှာ သက်တမ်းအရှည်ဆုံးအဖြစ် နန်းသက် နှစ် ၇ဝ ရှိခဲ့တဲ့ ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်မှာတော့ ဘက်ကင်ဟမ်နန်းတော်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဘုရင်မကြီး အဲလစ်ဇဘက် ၂ နတ်ရွာစံသွားတဲ့ အတွက် ဒီနေ့ သောကြာနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘောလုံးပွဲတွေ အားလုံးကို ဖျက်သိမ်းခဲ့သလို မနက်ဖြန်နဲ့ သန်ဘက်ခါမှာ (စနေ ၊ တနင်္ဂနွေ) ကျင်းပဖို့ စီစဉ်ထားတဲ့ ဘောလုံးတွေကိုပါ ဖျက်သိမ်းဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပွဲစဉ်တွေကို ရွှေ့ဆိုင်းကြောင်း မကြာခင် ကြေညာဖွယ် ရှိပါတယ်။

ပရီးမီးယားလိဂ် အသင်းတွေ အပါအဝင် အင်္ဂလန် ဘောလုံး ကလပ်အသင်းတွေကတော့ FA ဘက်က ပွဲစဉ်တွေ ရွှေ့ဆိုင်းမှာကို ကြိုတင် မျှော်လင့်ထားကြပြီး ဘုရင်မကြီး အဲလစ်ဇဘက် ၂ရဲ့ ဈာပန အခမ်းအနား အတွက် တဖက်တလမ်း ကနေ ကူညီပေးဖို့ ပြင်ဆင်ထားကြကြောင်းလည်း နီးစပ်သူတွေက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်တွေမှာလည်း ဘုရင်မကြီးအတွက် ဝမ်းနည်းခြင်း တစ်မိနစ် ငြိမ်သက်ခဲ့ကြတာ မြင်တွေ့ခဲ့ရပါတယ်။

ဗြိတိန် တစ်နိုင်ငံလုံး ဝမ်းနည်းမှုအထိမ်းအမှတ် အဖြစ် ၁ဝ ရက်တာ ဝမ်းနည်းပူဆွေးကာလမှာ အားကစားပွဲစဉ်တွေ မရှိတဲ့ အပြင် နောက်အပတ် တနင်္ဂနွေမှယ ဘုရင်မကြီး ဈာပန ကျင်းပဖွယ် ရှိတာကြောင့် ထိုသီတင်းပတ်မှာလည်း ပရီးမီးယားလိဂ် ပွဲတွေ ထပ်မံ ရွှေ့ဆိုင်းရဖွယ် ရှိပါတယ်။

ထိုကာလ အပြီးမှာ နိုင်ငံတကာ သီတင်းပတ်လည်း လာဖို့ ရှိနေတာကြောင့် ဘောလုံးပရိသတ်တွေ ရှေ့မှောက်ကို ပရီးမီးယားလိဂ် ပွဲစဉ်တွေက အောက်တိုဘာ ၁ ရက်နေ့မှ ပြန်ရောက်လာတော့မှာပါ။