ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ဘာဘာတော့ဗ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှ ပွဲများအတွက် မန်ယူတိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

လက်စတာ vs အာဆင်နယ်

အာဆင်နယ်ဟာ ပုံံစံကောင်း ရရှိနေပြီး နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားကာ မီခေးအာတီတာ အပေါ် စိတ်ရှည်သည်းခံခဲ့မှုရဲ့ အကျိုးကို ပြန်လည် ခံစားနေရပါတယ်။ လက်စတာ ကလည်း ကောင်းကောင်း လုပ်ပြနေပြီး သူတို့ အသင်းမှာ အရည်အသွေးမြင့် ကစားသမား တစ်ချို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ တအား တိုးတက်လာခဲ့ပေမယ့်လည်း ကျွန်တော် ကတော့ လက်စတာဟာ အိမ်ရှင် အားသာချက်ကို အပြည့်အ၀ အသုံးချသွားလိမ့်မယ်လို့ ထောက်ခံချင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ လက်စတာ ၂-၁ အာဆင်နယ်

လီဗာပူး vs ဘရိုက်တန်

ပထမဦးဆုံး အနေနဲ့ ဒီရာသီအစပိုင်းမှာ ဘရိုက်တန် အသင်း လုပ်ပြခဲ့တာတွေ အပေါ် ချီးကျူး သွားချင်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ တာထွက်ကောင်းနေခဲ့ပြီး ကျွန်တော် မြင်ချင်တဲ့ အတိုင်းပဲ သူတို့ဟာ ထိပ်တန်း အသင်းကြီးတွေကို စိန်ခေါ်ထားနိုင်ခဲ့ပါတယ်။ သူတို့ ဒီလို ဆက်လုပ်ပြနိုင်ဖို့နဲ့ ရာသီကုန်မှာ ဥရောပ ဝင်ခွင့်တွေကို စိန်ခေါ်နိုင်ဖို့ အတွက် ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဒီလို လုပ်နိုင်ဖို့ အတွက် တောင့်တင်းတဲ့ လူစာရင်း လိုအပ်ပြီး ဒါဟာ သူတို့အတွက် ခက်ခဲလွန်းတဲ့ တောင်းဆိုမှု ဖြစ်ပါတယ်။

လီဗာပူးဟာ လက်ရှိ အချိန်မှာ ပြိုင်ဘက် အသင်းတွေ အတွက် တအားကို ထိန်းချုပ်ရ ခက်ခဲနေပါတယ်။ မိုဟာမက်ဆာလားဟာ တားမရဆီးမရ ဖြစ်နေပြီး သူဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေတယ်လို့ ကျွန်တော် ပြောသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ အန်ဖီးမှာ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ ဘရိုက်တန်

နယူးကာဆယ် vs ချဲလ်ဆီး

နယူးကာဆယ်ဟာ ကြီးမားတဲ့ အကူးအပြောင်း ကာလကို ဖြတ်သန်းနေရပြီး လက်ရှိ အချိန်မှာ မန်နေဂျာသစ်ကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဇယားထိပ်မှာ ဦးဆောင်လျက် ရှိနေပြီး ကစားပုံကလည်း ကောင်းမွန်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပွဲမှာ အံ့အားသင့်ဖွယ် ရလဒ် ထွက်လာမယ်လို့ ရွေးချယ်ချင်ပါတယ်။ နယူးကာဆယ် ပရိတ်သတ်တွေဟာ ခေတ်သစ်တစ်ခုကို စတင်နေပြီး အသင်းရဲ့ နောက်မှာ အပြည့်အ၀ ထောက်ခံနေမှာပါ။ ကျွန်တော် ကတော့ ဒီပွဲကို သရေပွဲ ဖြစ်လိမ့်မယ်လို့ ရွေးချယ်ချင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ၁-၁ ချဲလ်ဆီး

မန်စီးတီး vs ခရစ်စတယ်ပဲလေ့စ်

မန်စီးတီးဟာ ခရစ်စတယ်ပဲလေ့စ် အတွက် တအား ကောင်းလွန်းနေပါတယ်။ ကျွန်တော် ကတော့ စီးတီးတို့ ဒီပွဲမှာ အမှားအများကြီး လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ ပက်ထရစ်ဗီအဲရာဟာ ခရစ်စတယ်ပဲလေ့စ်မှာ ကောင်းကောင်း လုပ်ပြထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ စီးတီးဟာ လိဂ်ပြိုင်ပွဲမှာ တကယ့်ကို ကြောက်စရာခြေစွမ်းကို ပြသနေပါတယ်။ ကျွန်တော် ကတော့ အီးဂဲလ်တို့ အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ ဖြစ်သွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၄-၀ ခရစ်စတယ်ပဲလေ့စ်

တော့တင်ဟမ် vs မန်ချက်စတာယူနိုက်တက်

ကံမကောင်းစွာနဲ့ပဲ လီဗာပူးကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းဟာ ခက်ခဲတဲ့ အချိန်တွေ ဖြတ်သန်းရလိမ့်မယ်လို့ ကျွန်တော် ပြောသွားရတော့မှာ ဖြစ်ပါတယ်။ အခုချိန်မှာ ယူနိုက်တက်ကို ရင်ဆိုင်ဖို့ အတွက် စပါးအတွက် အကောင်းဆုံး အချိန်ပါ။ အကယ်၍ စပါးတို့သာ ပုံစံကောင်း ပြသနိုင်ခဲ့မယ်ဆိုရင် သူတို့ အနိုင်ရသွားမှာပါ။ ကျွန်တော် ကတော့ စပါးတို့ ဒီပွဲမှာ အခွင့်ကောင်းကို အသုံးချနိုင်မယ်လို့ ထင်ပါတယ်။ ပရိတ်သတ် ကလည်း သူတို့ရဲ့ နောက်မှာ ကောင်းကောင်း support ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။

ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် ၂-၁ မန်ချက်စတာယူနိုက်တက်

အခြားပွဲစဉ်များအတွက် ခန့်မှန်းရလဒ်များ

ဝက်ဖို့ဒ် ၂-၀ ဆောက်သမ်တန်
ဘန်လေ ၁-၀ ဘရန့်ဖို့ဒ်
နော့ရစ်ခ်ျ ၁-၀ လိဒ်
အက်စတွန်ဗီလာ ၁-၃ ဝက်ဟမ်း
ဝုဖ် ၁-၁ အဲဗာတန်