ပွဲပြီးရှင်းလင်းပွဲ မလုပ်တဲ့ တန်ဟက်၊ ပြောခံနေရတဲ့ အန်တိုနီ၊ ပွဲတွေ မရွှေ့စေချင်တဲ့ နဗီးလ်နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ကတော့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ စပိန်ကလပ် ရီးရဲလ် ဆိုစီဒက် ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားပြီး အမှတ်မထင် အရေးနိမ့်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းထဲက မန်ယူနဲ့ ဆိုစီဒက်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဗြိတိန် ဘုရင်မကြီး အဲလစ်ဇဘတ် ၂ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်ပေးခဲ့ပါတယ်။ အင်္ဂလန်ဘုရင်မကြီးဟာ အသက် ၉၆ နှစ်အရွယ်မှာ ကံကုန် သွားခဲ့ပြီး သူမဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ပရိသတ်ဖြစ်တယ်လို့လည်း လူသိများခဲ့ပါတယ်။

ဘုရင်မကြီး နာရေး အတွက် ဝမ်းနည်း လေးစားမှု ပြသတဲ့ အနေနဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ပွဲ အပြီးမှာ နည်းပြ တန်ဟက်က သူ့ရဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲကိုလည်း မပြုလုပ်တော့ဘဲ ဖျက်သိမ်းခဲ့ပါတယ်။

ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အဲလစ်ဇဘတ် ဘုရင်မကြီး ဈာပနကြောင့် ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ပြီး ယူနိုက်တက်နဲ့ ပဲလေ့စ် ပွဲစဉ်လည်း ပါဝင်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာ ပွဲဦးထွက် ဂိုးသွင်းစဉ်က အန်တိုနီ ကို အားပေးချီးကျူးခဲ့ကြတဲ့ မန်ယူ ပရိသတ်တွေဟာ မနေ့ညက ရီးရဲလ်ဆိုစီဒက်နဲ့ ပွဲမှာ လုံးဝ ခြေမပေါ်ခဲ့တဲ့နောက်တော့ ဘရာဇီးသားကို ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်တွေ အခုလို ဖျက်သိမ်းတဲ့ အပေါ် သရဲနီဟောင်း ဂယ်ရီနဗီးလ်ကတော့ သဘောကျခြင်း မရှိကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။ ပွဲတွေ ကြပ်နေတဲ့ ရာသီမှာ အခုလို ဖျက်သိမ်းတာထက် ပွဲကို စီစဉ်ထားတဲ့ အတိုင်း ကန်ပြီး ဝမ်းနည်းကြောင်း ငြိမ်သက်မှု ပြသတာက ပို ကောင်းမယ်လို့ နဗီးလ်က ယူဆထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ လက်ထောက် အဖြစ် နဲ့ ကျော်ကြားခဲ့ဖူးတဲ့ ပေါ်တူဂီလူမျိုး နည်းပြကြီး ကားလိုစ့် ကွီးရော့ဇ် ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အီရန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။