ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ် ဆင်းကန်ရပြီး ဗိုလ်စွဲမယ် ရေပန်းစားလာတဲ့ လီဗာပူးအသင်း

ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ကြားရက် နာပိုလီကို ရှုံးနိမ့်ခဲ့တဲ့နောက် ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ပြုတ်ကျနိုင်ခြေ ရှိတယ်လို့ သုံးသပ်လာကြပြီး အခုဆိုရင် လီဗာပူးက ယူရိုပါလိဂ် ဖလားရဖို့ လေးသင်းထဲက တစ်သင်းအဖြစ် ရေပန်းစားလာပါတယ်။

လီဗာပူးအသင်းဟာ အုပ်စုပွဲစဉ် ၁ ပထမပိုင်းမှာတင် နာပိုလီကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း အစမှာပဲ အိမ်ရှင်အသင်းက ၄-၀ ဖြစ်အောင် လုပ်ခဲ့ပြီး ဒီယက်ဇ်က နှစ်သိမ့်ဂိုး ပြန်ယူနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နာပိုလီနဲ့ ပွဲမှာတင် ခြေပျက်ခဲ့တာ မဟုတ်ဘဲ ဒီရာသီမှာ သိသိသာသာ စွမ်းဆောင်ရည် ကျဆင်း၊ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ဒေးလီးမေလ်း သတင်းဌာနက ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကို မကျော်နိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမပွဲတွေအပြီးမှာတော့ အားကစားဒေတာ အချက်အလက် company ဖြစ်တဲ့ Gracenote က လီဗာပူးအသင်းဟာ အုပ်စု တတိယနဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရမှာဖြစ်ကာ ဒီရာသီ ယူရိုပါလိဂ် ဖလားရဖို့ အခွင့်အရေး အများဆုံးထဲက တစ်သင်းအဖြစ် ပါဝင်နေပါတယ်လို့ ဖော်ပြခဲ့ပါတယ်။

အုပ်စုတွင်း တတိယဖြစ်ခဲ့ရင် ယူရိုပါလိဂ် ဆင်းကန်ရမယ့် လီဗာပူးဟာ နောက်နှစ် မေလမှာ ယူရိုပါလိဂ်ဖလား ကိုင်မြှောက်ရဖို့ အခွင့်အရေး ၆% ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ယူရိုပါလိဂ်ဖလား အောင်မြင်ဖို့ ရာနှုန်း အမြင့်ဆုံးဖြစ်တဲ့ အာဆင်နယ် (၁၂%) နဲ့ ယူနိုက်တက် (၉%) နောက် တတိယမှာပဲ ရှိနေတာဖြစ်ပါတယ်။

အင်တာမီလနျကလည်း ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နဲ့ တအုပ်စုထဲ ကျရောက်နေတာကြောင့် နောက်တစ်ဆင့် တက်ဖို့ ခက်ခဲနေပါတယ်။ ဘိုင်ယန်မြူးနစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်တာမီလန်ဟာ ယူရိုပါလိဂ်ထံ ဆင်းကန်ရဖွယ်ရှိပြီး လီဗာပူးနည်းတူ ယူရိုပါလိဂ် ဖလားရနိုင်ချေ (၆%) ရှိတယ်လို့ ဖော်ပြခံခဲ့ရပါတယ်။

ယူရိုပါလိဂ် အုပ်စုအဆင့်တွေကို ကြာသပတေးနေ့မှာ စတင်ခဲ့ပြီးဖြစ်ပြီး အာဆင်နယ်က ဇူးရစ်ချ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ကာ မန်ချက်စတာ ယူနိုက်တက်ကတော့ ဆိုစီဒက်ကို ၁-ဝနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။