မရွှေ့တော့မယ့် ယူရိုပါလိဂ်ပွဲ၊ ရော်နယ်ဒို သတင်းမှား၊ အလွတ်နဲ့ ခေါ်တော့မယ့် ညာစွန်နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ရဲ့ ကြာသပတေးနေ့မှာ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် ကတော့ မူလ စီစဉ်ထားတဲ့ အတိုင်း ပြုလုပ် သွားမယ်လို့ သိရပါတယ်။ အဖွင့်ပွဲမှာ ဆိုဆီဒက် ကို အရေးနိမ့် ထားတဲ့ ယူနိုက်တက် ဟာ ဒုတိယမြောက် ပွဲစဉ်မှာတော့ ရှရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

စီ ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး ထွက်ပေါ်တဲ့ သတင်းမှားတွေထဲမှာ ပေါ်တူဂီသားက မန်ယူအဝတ်လဲခန်းမှာ အသင်းဖော်တွေ ကြား စည်းလုံးမှု ပြိုကွဲအောင် လုပ်ဆောင်တယ် ဆိုတဲ့ သတင်းက အဆိုးဆုံး သတင်းမှား ဖြစ်တယ် လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။

မန်ယူ ကွင်းလယ် အဲရစ်ဆန် က သူ ကစားချင်တဲ့ နေရာနဲ့ ပတ်သတ်ပြီး ” ကျွန်တော်ဟာ ဘောလုံးနဲ့ နီးကပ်စွာ နေရတာမျိုး၊ ဘောလုံး ဆွဲပြေးပြီး တိုက်စစ် လမ်းကြောင်း ဖွင့်ပေးရတာမျိုးကို သဘောကျတယ်။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အေဂျက်ဇ် အသင်းရဲ့ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဗန်ဒါဆား က မန်ယူ နည်းပြ တန်ဟတ် ဟာ ကစားသမားကောင်းတွေချည်း ခေါ်ထုတ်သွားခဲ့ပြီး အေဂျက်ဇ် အသင်းကို မကူညီခဲ့ဘူးလို့ ညည်းတွားသွားခဲ့ပါတယ်။ တန်ဟတ် ဟာ အသင်းဟောင်း အေဂျက်ဇ် မှ ဗဟို နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီ တို့ကို ခေါ်ယူခဲ့တာပါ။

ဒီလထဲ ခြေစမ်းပွဲတွေ ကစားမယ့် ဘရာဇီး လက်ရွေးစင် အသင်း အတွက် လူစာရင်း ကြေညာသွားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်မှ ကပ်စ်မဲရိုး၊ ဖရက်နဲ့ အန်တိုနီ တို့ ရွေးချယ်ခံထားရပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွဲရား မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပေမယ့် သူ့အသင်းမှာ ရွေးချယ်ခေါ်ယူကာ နေရာပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။